တန့်ဆည်   ၈  အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ရှိ ကုန်စုံဆိုင်များနှင့် ရေသန့်ထုတ်စက်ရုံများတွင် စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာဈေး နယ်နမိတ်အတွင်းရှိ ကုန်စုံဆိုင်များနှင့် ရေသန့်ထုတ်စက်ရုံများအား မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ကြောင်း သိရသည်။

 

“ပလတ်စတစ်ဘူးထဲမှာ ထည့်ထားတဲ့ ရေနှင့် အချိုရည်တွေဟာ ပူးပြင်းတဲ့ နေရောင်ခြည် ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ပြည်သူတွေ ဘဝသက်တမ်းစေ့ နေထိုင်နိုင်ရေး ရည်ရွယ်ပြီးတော့ ရေသန့်ထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ အချိုရည်ရောင်းချတဲ့ဆိုင်တွေမှာ အမိုးအကာအောက် အေးမြပြီးခြောက်သွေ့သောနေရာမှာ ထားရှိရေး စစ်ဆေးခြင်း ဖြစ်ပါတယ်။ ရေသန့်ဘူး များ သယ်ယူရာမှာလည်း အမိုးအကာပါသော ကားများဖြင့်သာ သယ်ယူဖြန့်ဖြူးရမှာဖြစ်တယ်။‌ ရေသန့်ဘူး များ၊ အချိုရည်ဘူးများ နေပူထဲထား၍ ရောင်းချခြင်းများရှိပါက ဒဏ်တပ် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန တာဝန်ခံ ဒေါ်ခင်ထားရီက ပြောသည်။

 

အဆိုပါစစ်ဆေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရှိ ကုန်စုံဆိုင်များ နှင့် ရေသန့်ထုတ်စက်ရုံများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)