နေပြည်တော် ၈ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုဖူလုံရေးအကျုံးဝင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန (၃၁၃) ဌာနမှ အာမခံ အလုပ်သမား (၃၃,၈၀၂) ဦးအတွက် ထောက်ပံ့ငွေကျပ် (၂,၃၆၂ ဒသမ ၇၃၃) သန်းအား အောက်တိုဘာ ၅ ရက်မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Covid 19 ရောဂါ ကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော အမိန့်အမှတ် ၁၀၇/၂၀၂၀နှင့် ၁၀၈/၂၀၂၀၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် ၁၉၆/၂၀၂၀ နှင့် ၁၉၈/၂၀၂၀ တို့အရ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံ တင်ထားသော ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအနက် Stay at home အစီအစဉ်တွင် အကျုံးဝင်သော ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအတွက် ၂၀၂၀ ပြည်နှစ် ဇွန်လအတွက် ပေးသွင်းထားသော လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို အာမခံအလုပ်သမားနှင့် မိသားစုဝင်များအတွက် လူမှုဖူလုံရေးထောက်ပံ့ငွေများ ခွင့်ပြုထုတ်ပေးနိုင်ရေး Online မှ လျှောက်ထားသည့် တောင်းခံလွှာများနှင့် မြို့နယ်ရုံးခွဲမှတစ်ဆင့် လျှောက်ထားသည့် တောင်းခံလွှာများကို ဘုတ်အဖွဲ့ဖြင့် စိစစ်ခွင့်ပြုလျက်ရှိသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန(၃၁၃) ဌာနမှ အာမခံ အလုပ်သမား (၃၃,၈၀၂) ဦးအတွက် ထောက်ပံ့ငွေကျပ် (၂,၃၆၂ ဒသမ ၇၃၃)သန်းအား သက်ဆိုင်ရာ လုပ်ငန်းရှင်များသို့ အောက်တိုဘာ ၅ ရက်မှစ၍ ထုတ်ပေးလျက်ရှိပြီး ကျန်တောင်းခံ လွှာများကိုလည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Stay at home အစီအစဉ် သတ်မှတ်ထားသော မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးများရှိ မြို့နယ်(၁၁)မြို့နယ်မှ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားများကိုလည်း ဆက်လက်ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


