နေပြည်တော်  ၈  အောက်တိုဘာ 

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်းအဝိုင်းအနီးတွင် တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ဆောက်ရေးဦးစီး ကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယနေ့နံနက် ၉ နာရီခွဲတွင် ထာဝရငြိမ်းချမ်းရေးစေတီတော်သို့ သွားရောက်ကာ သာသနာ့ဗိမာန်တော် ပါကေးခင်းခြင်း လုပ်ငန်းပြီးစီးမှုအပြင် လျှောက်လမ်း တာရာဇိုခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားမှု၊ အရှေ့တောင်ဘက်ရှိ ပရိဝုဏ် အုတ်တံတိုင်း ၂ ပေ မြှင့်တင်ခြင်းလုပ်ငန်းများနှင့် ဂန္ဓကုဋိတိုက် အရှေ့ဘက်မုခ်ဦး၊ တောင် ဘက်မုခ်ဦး၊ အနောက်ဘက်မုခ်ဦး၊ မြောက်ဘက်မုခ်ဦးနှင့် တံခွန်တိုင်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေး၍ စေတီတော်ကြီးအား လက်ဝဲရစ်လှည့်လည် ဖူးမြော်ကြည်ညိုသည်။

 

mdn

 

ယင်းနောက် ဂန္ဓကုဋိတိုက်အတွင်းရှိ စကျင်ဗုဒ္ဓရုပ်ပွားတော်များ အချောသတ် လုပ်ငန်း၊ နံရံဆေးရေး ပန်းချီလုပ်ငန်းများ၊ လိုဏ်ဂူတော်အတွင်း တာရာဇိုခင်းခြင်းလုပ်ငန်း၊ Ground Tank ‌ရေကန်ပေါ်တွင် ရေစင်ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများနှင့် စေတီတော်ပရိဝုဏ်အတွင်း ဆောင်ရွက်လျက် ရှိသည့် အချောသတ်လုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တည်ဆောက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး က စေတီတော် ဘက်စုံအချောသတ် မွမ်းမံတည်ဆောက်ရေး လုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ကောင်းမွန်အောင် ဆောင်ရွက်သွားရန်၊ စေတီတော် ပတ်လမ်းခင်းခြင်း လုပ်ငန်းနှင့် ရင်ပြင်တော် စကျင်ကျောက်ပြားခင်းခြင်းလုပ်ငန်းများ စီစဉ်ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn