စစ်ကိုင်း ၈ အောက်တိုဘာ
တရုတ်နိုင်ငံမှ စျေးကောင်းပေးဝယ်နေသော်လည်း ဖရဲသီးအထွက်နည်း၍ စျေးကွက်သို့မပို့နိုင်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစိုးလွင်ထံမှ သိရသည်။
“ဖရဲစျေးကောင်းနေတယ်။ တစ်တန်ကို ယွမ် ၄ ထောင်လောက်ရှိတယ်။ ယွမ် ၁၈၀၀- ၂၀၀၀ လောက်ကနေ တက်သွားတာပါ။ ၅ ရက်အတွင်း တက်သွားတာပါ။ လောလောဆယ် တရုတ်နိုင်ငံဘက်က လိုအပ်နေတယ်။ ဒီဘက်က မပို့နိုင်ဘူး။ တစ်ရက် (၁၀)စီးလောက်ပဲ သွားနိုင်တာပါ။ ကားကြီးတစ်စီးကို ဖရဲသီး အလုံး(၁၀၀၀) ကျော် ဆံ့တယ်"ဟု ဦးစိုးလွင်က ပြောသည်။
လက်ရှိကာလတွင် သခွားမွှေးထွက်နှုန်းသည် ဖရဲထွက်နှုန်းလောက်မရှိသေးသလို စျေးနှုန်းအနေဖြင့် တစ်တန်လျှင် ယွမ် ၃ ထောင်သာရှိပြီး ကုန်မရှိ၍မထွက်ရသည့်ရက်က များနေကြောင်း သိရသည်။
"သခွားက တစ်တန်မှ ၃၀၀၀ လောက်ရှိတာပါ။ အသီးအထွက်နည်းသေးတယ်။ တစ်ရက်မှ တစ်စီး၊ နှစ်စီး
ထွက်တာပါ။ တစ်ခါတစ်လေကုန်မရှိလို့ မထွက်တာမျိုးရှိသေးတယ်။ ဒီနှစ်က ကိုဗစ်ကြောင့်ရော လမ်းပန်း ဆက်သွယ်ရေး၊ ရောင်းဝယ်ရေးနဲ့ အလုပ်သမားအခက်အခဲတွေကြောင့် ဒီနှစ်သိပ်မစိုက်ကြဘူး" ဟု သခွားမွှေးစိုက် တောင်သူတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖရဲသီးနှင့် သခွားမွှေး လာရောက်စိုက်ပျိုးသူ တစ်ဖြေးဖြေးများပြားလာရာ ပြီးခဲ့သည့် နှစ်အထိ ဧက ၅ သောင်းကျော် စိုက်ပျိုးခဲ့ကြကြောင်း ဦးစိုးလွင်ထံမှ သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)


