ရန်ကုန် ၈ အောက်တိုဘာ
ကိုဗစ်-၁၉ ရောဂါ အရေးပေါ်လူနာများထားရှိမည့် ICU/HDU ဧရာဝတီစင်တာ၏ ကုန်ကျစရိတ်အတွက် ဧရာဝတီဘဏ်နှင့် မက်စ်မြန်မာအုပ်စုတို့က ငွေကျပ် သိန်း(၁၅၀၀၀) ထပ်မံ မတည်လှူဒါန်းခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ အရေးပေါ်လူနာများထားရှိမည့် (၇၅)ကုတင်ဆံ့ ICU/HDU ဧရာဝတီစင်တာသို့ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဧရာဝတီဘဏ်နှင့် မက်စ်မြန်မာအုပ်စုတို့က လှူဒါန်းသည့် မတည်အလှူငွေများကို လက်ခံရယူသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် ICU/HDU ဧရာဝတီစင်တာအတွင်း ကြည့်ရှုစစ်ဆေးရာ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က ပြင်ဆင်ဆောင်ရွက်ထားမှုများအား ရှင်းလင်း တင်ပြပြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ICU/HDU အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တတ်စွမ်းသမျှ ပံ့ပိုးပေးလျက်ရှိပြီး ထပ်မံလိုအပ်ချက်များဖြစ်သော စက်ပစ္စည်း၊ ဆေးဝါးနှင့် ကာကွယ်ရေးပစ္စည်းများ၊ အောက်စီဂျင်စက်များကို ပြည်တွင်းပြည်ပမှ ဝယ်ယူဖြည့်တင်းလျက်ရှိရာ ကုန်ကျစရိတ်များပြားသည့်အတွက် ဧရာဝတီဖောင်ဒေးရှင်းသို့ ဧရာဝတီဘဏ်လီမိတက်က ကျပ်သိန်း (၁၀၀၀၀)၊ မက်စ်မြန်မာကုမ္ပဏီအုပ်စုက ကျပ်သိန်း (၅၀၀၀) ထပ်မံ မတည်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ICU/HDU ကို ဆရာကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး ကိုယ်တိုင်အနီးကပ်ကြပ်မတ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မေ့ဆေးဆရာဝန်ကြီး ပါမောက္ခဒေါက်တာမြစိုးနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများ၊ ဧရာဝတီ ဖောင်ဒေးရှင်းမှ ဒေါက်တာအောင်ကျော်ဦးနှင့် တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း (၁၅၀)ကျော်တို့က စက်ပစ္စည်းကိရိယာ စုံလင်စွာဖြင့် အရေးပေါ်လူနာများကို အနီးကပ်ကြပ်မတ်ကုသပေးနိုင်တော့မည်ဖြစ်သည်။
ထို့ပြင် HDU ကုတင်(၅၀) အဆောင်သစ်တစ်ခုကိုလည်း ဒုတိယအဆင့်အနေဖြင့် ဆောက်လုပ်လျက်ရှိပြီး ICU/HDU (၁၂၅)ကုတင်အထိ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-ကိုမိုး


