နေပြည်တော်  ၈  အောက်တိုဘာ

 

၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မြန်မာသံရုံး (၆)ရုံး၌ ယနေ့တွင် ကြိုတင်ဆန္ဒမဲ ဆက်လက်ပေးကြရာ မြန်မာသံရုံး၊ ဘန်ကောက်မြို့၌ မဲဆန္ဒရှင် (၆၇၁)ဦး၊ မြန်မာသံရုံး၊ ကိုင်ရိုမြို့၌ မဲဆန္ဒရှင် (၁၂)ဦး၊ မြန်မာသံရုံး၊ စင်ကာပူမြို့၌ မဲဆန္ဒရှင် (၁၇၀၀)ကျော်ခန့်၊ မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မဲဆန္ဒရှင် (၂၀၄)ဦး၊ မြန်မာသံရုံး၊ တဲလ်အဗီးမြို့၌ မဲဆန္ဒရှင် (၁၀)ဦးနှင့် မြန်မာသံရုံး၊ တိုကျိုမြို့၌ မဲဆန္ဒရှင် (၂၈၄)ဦး လာရောက် ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဘရာဇီးလ်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများသည် ဘရာဇီးလျားမြို့ရှိ မြန်မာသံရုံးတွင် ကြိုတင်ဆန္ဒမဲစတင်ပေးရာ မဲဆန္ဒရှင် (၈)ဦး၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် မဲဆန္ဒရှင် (၃၅)ဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌  မဲဆန္ဒရှင် (၄၈) ဦး လာရောက်ကြိုတင် ဆန္ဒမဲပေးခဲ့ကြသည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် မနီလာမြို့၊ မြန်မာသံရုံးသို့ ကြိုတင်ဆန္ဒမဲ လာရောက်ပေးရန် အခက်အခဲရှိသည့် မဲဆန္ဒရှင်များအတွက် မြန်မာသံရုံး၊ မနီလာမြို့မှ တာဝန်ရှိသူများသည် ယနေ့တွင် လော့စ်ဘားညို့စ်မြို့နှင့် ဘာဂီယိုမြို့တို့သို့သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး စီစဉ်ပေးခဲ့ပြီး မဲဆန္ဒရှင် (၃၅) ဦးတို့က ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။

 

မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများအား သက်ဆိုင်ရာက ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေးနှင့် စပ်လျဉ်း၍ ချမှတ်ထားသော စည်းကမ်းများနှင့်အညီဖြစ်စေရေး မဲရုံအတွင်းသို့မဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် စနစ်တကျ လက်သန့်စေခြင်း၊ တစ်ခါသုံးလက်အိပ်နှင့် နှာခေါင်းစည်းများ ပံ့ပို့ပေးခြင်း တို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များကလည်း မြန်မာသံရုံးမှ စီစဉ်ဆောင်ရွက်ထားရှိသည့် အတိုင်းလိုက်နာကာ စနစ်တကျဆန္ဒမဲများ ပေးခဲ့ကြသည်။

 

ယနေ့တွင် မြန်မာသံရုံး(၉)ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၁)ရုံးတို့တွင်  ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြပြီး အောက်တိုဘာ ၉ ရက်တွင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးနှင့် ဂျပန်နိုင်ငံရှိ နာဂိုယာမြို့တို့တွင် မဲရုံများ စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်