မန္တလေး ၉ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် စေတနာရှင်များက ငွေများနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လာရောက်လှူဒါန်း လျက်ရှိသည်။

 

မန္တလေးမြို့နေ UD Group ကုမ္ပဏီ ဦးခင်မောင်ဝင်း မိသားစုက Covid-19 ရွေ့လျားဓာတ်ခွဲ စမ်းသပ်ယာဉ်နှစ်စီးကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က လက်ခံရယူပြီးဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ရွေ့လျားဓာတ်ခွဲစမ်းသပ် ယာဉ်ဆောင်ရွက်ပုံ အဆင့်ဆင့်ကို လက်တွေ့ကြည့်ရှု ခဲ့သည်။

 

အဆိုပါ ရွေ့လျားဓာတ်ခွဲ စမ်းသပ်ယာဉ်မှာ လေအေးပေးစက်ပါရှိကာ လျှပ်စစ်မီးနှင့်မီး စက်တို့နှင့် ပါချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ပြီး ယာဉ်ပေါ်တွင် ကျန်းမာရေး ဝန်ထမ်းနှစ်ဦး လိုက်ပါနိုင်ကာ ဘေးကင်းစွာ Swab နမူနာများ ရယူနိုင်မည်ဖြစ်သည်။ ၎င်းယာဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့အဝင်စစ် ဆေးရေးဂိတ်များတွင် လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)