မိုးမိတ်   ၉  အောက်တိုဘာ

ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားနေစဉ် ကာလအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့၌ ကုန်ဈေးနှုန်း များ မြှင့်တင်ရောင်းချခြင်း မဖြစ်စေရေးအတွက် မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များအား ယမန်နေ့ ညနေ ၃ နာရီက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးခြင်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မိုးမိတ်မြို့ မြို့မဈေးနှင့် လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များကို ကုန်ဈေးနှုန်းများ မြှင့်တင် ရောင်းချခြင်းများ မဖြစ်စေရေး၊ အခြေခံစားကုန်များ ပြတ်တောက်မှုမရှိစေရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ဈေးရောင်းချသူများ၊ ဈေးဝယ်သူများအား နှာခေါင်းစည်းများ တပ်ဆင်၍ ရောင်းချ ဝယ်ယူရေးတို့အပြင်  သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့သည်။

 

မိုးမိတ်မြို့ မြို့မဈေးတွင် ပြည်သူများ၏ အခြေခံစားကုန်များဖြစ်သော ရှမ်းဆန်တစ်ပြည်လျှင် ငွေကျပ် ၁၂၀၀ မှ  ကျပ် ၁၄၀၀ ၊  ပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀၊ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၂၃၀၀ ၊ ကြက်သွန်နီ တစ်ပိဿာလျှင်  ကျပ် ၁၄၀၀ နှင့် ငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ် ၆၀၀၀ နှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရသည်။

စည်သူဌေး(မိုးမိတ်သား)