ရန်ကုန် ၉ အောက်တိုဘာ
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့အတွင်း ကိုဗစ်- ၁၉ ရောဂါ ပျံ့နှံမှုမှ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် သန်လျင်မြို့နယ်အတွင်းရှိ အနံပျောက်သူများနှင့် ဖျားနာကု ဆေးခန်းပြလိုသူ များအား မြို့နယ် ကိုဗစ်- ၁၉ ကော်မတီမှ အိမ်တိုင်ရာရောက် လာရောက်ခေါ်ဆောင်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြု ကော်မတီများ၏ နာယက သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ် ထံမှ သိရသည်။
“ကျွန်တော်တို့ မြို့နယ်အတွင်းမှာရှိတဲ့ အနံ့ပျောက်သူများနှင့် ဖျားနာသူများအနေဖြင့် အမြန်ဆုံး ဆေးခန်းလာပြကြဖို့ ထပ်မံတိုက်တွန်းပါကြောင်း၊ ဆေးခန်းလာပြရာတွင်လည်း အိမ်ကနေ လိုက်ပို့မည့်သူမရှိခြင်း၊ ဆိုင်ကယ်ကယ်ရီငှားမရခြင်း စသည့်အခက်အခဲများ ရှိကြောင်း သိရတယ်။ အနံ့ပျောက်သူများမှ ဆိုင်ကယ်ကယ်ရီသမားကိုကူးစက်၊ ကယ်ရီ သမားများက အခြားသူများသို့ ကူးစက်နိုင်ခြင်းဖြင့် ကူးစက်မှုသံသရာလည်နေမှုမျိုး မဖြစ်စေ ချင်ပါ။ အနံ့ပျောက်သူများနှင့် ဖျားနာသူမျာကို ကော်မတီအစီအစဉ်ဖြင့် အိမ်တိုင်ရာရောက် လာရောက်ခေါ်ယူ ပို့ဆောင်ပေးရန် ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန်ပွားမှုကို ထိမ်းချုပ်နိုင်ရေးအတွက် မြို့သူမြို့သားများ စည်းကမ်းလိုက်နာဖို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ အထူးလိုအပ်ပါကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောကြားသည်။
အဆိုပါ အနံ့ပျောက်သူများနှင့် ဖျားနာသူများအနေဖြင့် ဆေးခန်းပြသရန်အတွက် သန်လျင် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြုကော်မတီ ဖုန်း- ၀၉ ၅၀၇၈၂၅၉၊ ၀၉-၄၅၀၀၆၃၈၁၈ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ရှိသူများနှင့် သေဆုံးမှုများရှိနေကြောင်း သိရသည်။
သက်ခိုင်(သန်လျင်)


