နေပြည်တော် ၉ အောက်တိုဘာ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ ကျင်းပသည်။
ရှေးဉီးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှကိုယ်ကျိုးမငဲ့ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ပရဟိတ စေတနာ့ဝန်ထမ်းများအားလုံးကို လေးစားဂုဏ်ပြုသည့်အနေဖြင့် မိမိနှင့်အတူ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ အရာထမ်း၊ အမှုထမ်းများ၏ စုပေါင်းလှူဒါန်းငွေကို အပ်နှံလှူဒါန်းခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ပါဝင်လှူဒါန်းငွေသည် ပမာဏ အားဖြင့်နည်းသော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ စိန်ခေါ်မှုကြီးကို ရှေ့တန်းမှ တုံ့ပြန်ရင်ဆိုင်ဖြေရှင်းနေသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်အတူ မိမိတို့လွှတ်တော်များမှ အရာထမ်း၊ အမှုထမ်းများအားလုံးက တစ်စိတ်တည်း၊ တစ်ဝမ်းတည်း၊ တစ်သားတည်း ရပ်တည်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလျက်ရှိသော်လည်း မေလ၊ ဇူလိုင်လနှင့် ဩဂုတ်လများ၌ ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေး များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အစည်းအဝေးစတင်ချိန်မှ ပြီးဆုံးသည်အထိ ကျန်းမာရေး စောင့်ရှောက်မှုများကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည့်အတွက် အစည်းအဝေးများကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း ဖြစ်၍ လွှတ်တော်များကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း ၁၀၀ ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဉီးတီခွန်မြတ်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထံသို့ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လက်ခံရယူသည်။
ယင်းနောက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး(၂) ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျေးဇူးတင်စကား ပြောကြားရာတွင် ယခုကဲ့သို့ လှူဒါန်းမှုများအပေါ် ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့် လွှတ်တော် (၂)ရပ်မှ အရာထမ်းများနှင့် အမှုထမ်းများအား တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ကျန်းမာရေး ဝန်ထမ်းများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံအတွက်အရေးကြီးသည့် ဒုတိယအကြိမ်မြောက် လွှတ်တော်များ၏ (၁၆) ကြိမ်မြောက်နှင့် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများ ကျင်းပရာတွင် ကိုဗစ်-၁၉ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်ရာ၌ ဝန်ကြီးဌာနအနေဖြင့် ပါဝင်ဆောင်ရွက်ခွင့်ရရှိခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း၊ ကိုဗစ်-၁၉ သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သောရောဂါဖြစ်ပြီး လျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်သည်ဖြစ်သဖြင့် ယခု ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ရောဂါကူးစက်မှု လှိုင်းများရှိလာနိုင်ပါကြောင်း၊ အဆိုပါ ရောဂါကူးစက်မှုလှိုင်းများ ဖြစ်ပေါ်လာပါကလည်း ကြီးမားခြင်းမရှိစေရန်အတွက် ပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို အမြဲတစေ ဂရုပြုလိုက်နာကြရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးရှိနေပြီး ရောဂါလက္ခဏာ မရှိသူများထံမှ အခြားသူများထံသို့ ရောဂါကူးစက်ခံရနိုင်ခြင်းနှင့် တစ်အိမ်တည်းတွင် အတူနေသူများထံမှထပ်ဆင့် ကူးစက်ခြင်းများ ဖြစ်နိုင်သဖြင့် ပြည်သူများ အထူးသဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ စသည့် နာတာရှည်ရောဂါရှိသူများ အနေဖြင့် နေအိမ် တွင်သာနေထိုင်ပြီး အခြားအတူနေသူများနှင့် ခပ်ခွာခွာနေထိုင်၍ သီးခြားစားသောက်ခြင်းနှင့် သီးခြားအိပ်စက်ခြင်းတို့ ပြုလုပ်ကြရမည် ဖြစ်ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများကို Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးခြင်းများကိုပါ ပိုမိုတိုးမြှင့်လုပ်ဆောင်လျက်ရှိရာ ယခုရက်ပိုင်းတွင် ရောဂါပိုးရှိသူအရေအတွက် ပိုမိုတွေ့ရှိလာမည်ဖြစ်ကာ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေခြင်း လုပ်ငန်းများ ပိုမိုထိရောက်လာမည်ဖြစ်ပါကြောင်း၊ သို့မှသာ ရောဂါထိန်းချုပ်မှုများ ပိုမိုထိရောက်မည်ဖြစ်ပါကြောင်း၊ ယနေ့ လှူဒါန်းမှု အခမ်းအနားသို့ တက်ရောက်လာကြသူများအနေဖြင့် အဆိုပါ အချက်များအား မိမိတို့၏ မိသားစုနှင့် မိတ်ဆွေများထံ စကားလက်ဆင့်ပွားခြင်းနှင့် ဝေမျှခြင်းများ ပြုလုပ်ပေးကြစေလိုပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


