နေပြည်တော်  ၉ အောက်တိုဘာ

 

ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှူးများ ၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများက  သက်ဆိုင်ရာ နေရာအသီးသီးမှ Video Conferencing  ဖြင့် တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ကိုဗစ်-၁၉ ကြောင့်ဖြစ်ပွားသည့် စီးပွားရေး အကျပ်အတည်းများမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေးအတွက် နိုင်ငံတော်က ချမှတ်အကောင်အထည်ဖော်လျက်ရှိသည့် "Covid-19 စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက်"(CERP)အရ မိမိတို့ဝန်ကြီးဌာနအနေဖြင့် CERP Action Plan 2.1.7 ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်နည်းတူ ဆက်လက်ဆောင်ရွက်ရမည့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်ကိုလည်း ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဆောင်ရွက်ကြရန်၊ အဂတိတရားကင်းရှင်းပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြ ရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်သူအားလုံးတို့နှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ယင်းနောက်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က စီမံကိန်း လုပ်ငန်းများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက ဒေသအသီးသီး၏ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်း အခြေအနေများနှင့် မြေပြင်ပကတိအခြေအနေများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေး မှာကြားသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၆-၂၀၁၇ မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထိ (၅)နှစ်တာကာလ အတွင်း ကျေးလက်ရေပေးရေးလုပ်ငန်း (၁၁,၇၆၉)ရွာ၊ ကျေးလက်မီးလင်းရေးလုပ်ငန်း (၈,၅၆၈)ရွာ၊ ကုန်ထုတ်လမ်း (၁,၀၅၄)မိုင် ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၉-၂၀၂၀ ခု  ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ရေရရှိရေး လုပ်ငန်းပေါင်း ၄၄၇၉ ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်သဖြင့် လူဦးရေ ၃ ဒသမ ၆ သန်းခန့်ကို လည်းကောင်း၊ မြို့ရေပေးရေး စီမံကိန်းကို မြို့ ၁၁ မြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့၍ လူဦးရေ ၆ ဒသမ ၂၄ သိန်းခန့် ကိုလည်းကောင်း အကျိုးပြုနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ ကျေးလက်ကုန်ထုတ်လမ်း ၇၄၁ မိုင် ၃ ဒသမ ၂ ဖာလုံနှင့် ကုန်ထုတ်တံတား ၁၁၀၂ စင်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ လူဦးရေ ၄ ဒသမ ၆၉ သိန်းခန့်ကိုလည်းကောင်း၊ လူထုဗဟိုပြုစီမံကိန်းကို ကျေးရွာပေါင်း ၆၀၀၁ ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လူဦးရေ ၅ ဒသမ ၀၁ သန်းခန့်ကိုလည်းကောင်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို စီမံကိန်းယူနစ် ၅၇၀ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လူဦးရေ ၅ သိန်းခန့်ကို လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို ကျေးရွာပေါင်း ၃၄၅၀ တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ကြောင့် လူဦးရေ ၁ ဒသမ ၂၃ သန်းခန့်ကိုလည်းကောင်း ၊ ကျေးလက်အိမ်ရာအဖြစ် ၂၉၇ လုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လူဦးရေ ၁၀၄၀ ဦးကိုလည်းကောင်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြုသင်တန်းအဖြစ် အကြိမ်ရေ ၆၇၃ ကြိမ်ဖွင့်လှစ်ပို့ချနိုင်သဖြင့် လူဦးရေ ၁၆၅၅၇ ဦးကိုလည်းကောင်း အကျိုးပြုနိုင်ခဲ့သည်။

 

CERP အရ ဆောင်ရွက်သည့် Cash for Work စီမံကိန်းကို ကျေးရွာပေါင်း ၂၅၀၅ ရွာတွင် စီမံကိန်းလုပ်ငန်းခွဲပေါင်း ၄၄၀၂ ခု ဆောင်ရွက်နိုင်ခဲ့၍ လုပ်သားအရေအတွက် ၂ ဒသမ ၈ သန်းခန့် အကျိုးပြုခဲ့ပြီး၊  ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းကို ကျေးရွာပေါင်း ၁၇၁၀ တွင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သဖြင့် အိမ်ထောင်စုပေါင်း ၁ ဒသမ ၃၄ သိန်းကျော်ကို လုပ်ငန်းကဏ္ဍအလိုက် မတည်ရန်ပုံငွေများ ထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျေးရွာနှင့် မြို့ပြနေရာ ၃၁၈၆ နေရာတွင် လက်ဆေးဘေစင်ပေါင်း ၄၀၆၃ ခု တပ်ဆင်ဆောင်ရွက်ခဲ့ရာ လူဦးရေ ၄ ဒသမ ၇ သန်းခန့် အကျိုးပြုနိုင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်