နေပြည်တော်  ၉  အောက်တိုဘာ

 

၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်း အဝေးကို Video Conferencing စနစ်ဖြင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးခင်မောင်ဝင်းနှင့် ဦးဝင်းမော်ထွန်း၊ တပ်မတော်မှအရာရှိကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၁)နှင့် တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။

p+

 

ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် “၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ” ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၇၂/၂၀၂၀ ဖြင့် အမျိုးသားရေး ဦးတည်ချက် (၅)ရပ်ချမှတ်ကာ ဒုတိယသမ္မတ ဦးဆောင်ပြီး (၂၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။

 

အဆိုပါ အမျိုးသားရေးဦးတည်ချက် (၅)ရပ်မှာ “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး ‘စုပေါင်းအင်အား’ ဖြင့် ကာကွယ်စောင့်ရှောက်ရေး”၊ “လူမှုဆက်ဆံရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေရေးရာညီမျှမှုတို့ကို နိုင်ငံသားအားလုံး တန်းတူရည်တူ ရရှိခံစားရေး”၊ “စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်စေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေး”၊ “ပြည်ထောင်စုကြီး ထာဝရတည်တံ့ရေးအတွက် ပြည်ထောင်စု စိတ်ဓာတ်မွေးမြူ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး” နှင့် “နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်၍ ပြည်သူတစ်ရပ်လုံး ကြုံတွေ့နေရ သည့် စိန်ခေါ်မှုများကို အစိုးရ၊ ပြည်သူလူထု အားလုံးပါဝင်ပြီး စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားရေး” တို့ ဖြစ်ပါကြောင်း။

 

ဗဟိုကော်မတီက ချမှတ်သည့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သည့် ဆပ်ကော်မတီများကိုလည်း ယခင်အတိုင်း ဖွဲ့စည်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုင်းတစ်ပါးတို့၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်မှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် (၇၃)နှစ် ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်ကြိုးပမ်း မှုနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုတို့ကြောင့် ရရှိခဲ့သည့် လွတ်လပ်ရေးကို ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် လွတ်လပ်ရေးရရှိရေးအတွက် အချိန်ကြာမြင့်စွာ အသက်သွေး၊ ချွေးမြောက်များစွာ ပေးဆပ်ပြီးမှ ရရှိလာသည်ကို နောင်လာနောက်သားများ သိရှိပြီး လွတ်လပ်ရေးကို အသက်ပေး ကာကွယ်စောင့်ရှောက်ထိန်းသိမ်းလိုသည့် စိတ်ဓာတ်များ ကိန်းအောင်းနေစေရန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ လွတ်လပ်ရေးနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပရခြင်း ဖြစ်ပါကြောင်း။

 

လွတ်လပ်ရေးနေ့အခမ်းအနားသည် နှစ်စဉ်နှစ်တိုင်း ကျင်းပနေသည့် နိုင်ငံတော်အဆင့် အခမ်းအနား ဖြစ်သော်လည်း ယနေ့ကာလသည် ကမ္ဘာ့ကပ်ရောဂါ Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေသော အချိန်ကာလဖြစ်သည့်အတွက် လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သော အခမ်းအနားများ ကျင်းပရာတွင် ယခင်နှစ်က ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတာဝန်များအပြင် “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ” နှင့် “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန” တို့က ထုတ်ပြန်ထားသည့် “ပြည်သူသို့ ပန်ကြားချက်များ၊ အမိန့်များ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ” ကိုပါ အရေးတကြီးကိစ္စတစ်ရပ်အနေဖြင့် ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

လွတ်လပ်ရေးနေ့ အခမ်းအနားများကို နံနက်ပိုင်းတွင် “နိုင်ငံတော်အလံတင် အခမ်းအနား”၊ “နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား”နှင့် ညနေပိုင်းတွင် “နိုင်ငံတော်အဆင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ အခမ်းအနား” တို့ကို နှစ်စဉ်ကျင်းပခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ယခုကျင်းပမည့် လွတ်လပ်ရေးနေ့ အခမ်းအနားများကို လတ်တလောတွေ့ကြုံနေရသည့် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေမှုအခြေအနေပေါ် မူတည်၍ ဝိုင်းဝန်းစဉ်းစား အကြံပြုပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လွတ်လပ်ရေးနေ့ အခမ်းအနားများကို ကျင်းပမည်ဆိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ကျင်းပနိုင်ရန် ကြိုတင်စီမံ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

လွတ်လပ်ရေးနေ့မတိုင်မီ ယခင်က ကြိုတင်ဆောင်ရွက်လေ့ရှိသည့် လွတ်လပ်ရေးနေ့ “စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာပြိုင်ပွဲများနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ဝန်ကြီးဌာနအလိုက်၊ ရပ်ကွက်အလိုက် ကျင်းပလေ့ရှိသည့် အားကစားပြိုင်ပွဲများ” ကိုလည်း COVID-19 ကူးစက်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်များအတိုင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅)ရပ်ကို အများပြည်သူများသိရှိစေရန်အတွက် ခန့်ညားထည်ဝါ သည့် ဆိုင်းဘုတ်ကြီးများဖြင့် သတ်မှတ်နေရာများတွင် ကြိုတင်စိုက်ထူနိုင်ရေး စီမံဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့်လည်း လွတ်လပ်ရေးနေ့အခမ်းအနားများ ကျင်းပရာတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်အညီ ဆောင်ရွက်ရမည့် “စံလုပ်ငန်းလမ်းညွှန်ချက်များ” ရေးဆွဲပေးရန်နှင့် လိုအပ်သည့်အကြံပြုချက်များကို ဆွေးနွေးပေးစေလိုပါကြောင်း။

 

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လွတ်လပ်ရေးနေ့မတိုင်မီနှင့် လွတ်လပ်ရေးနေ့တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းများ၊ လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သော မျိုးချစ်စိတ် ထက်သန်စေသည့် ဇာတ်လမ်းများ၊ သမိုင်းဝင်တေးသီချင်းများ ထုတ်လွှင့်ပြသနိုင်ရေးနှင့် သတင်းစာ၊ ဂျာနယ်များ တွင်လည်း ရေးသားဖော်ပြသွားနိုင်ရေး စီမံဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် ဆပ်ကော်မတီများအနေဖြင့် ယခင်နှစ်များက ဆောင်ရွက်ခဲ့ကြ သည့် အတွေ့အကြုံများကိုအခြေခံ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့်အညီ လစ်ဟာမှုမရှိအောင် စနစ်တကျ စစ်ဆေးကြပ်မတ်ပြီး အားလုံးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ လုံခြုံရေးဆပ်ကော်မတီ အနေဖြင့်လည်း သတ်မှတ် ထားသည့် လုပ်ငန်းတာဝန်များ လစ်ဟာမှုမရှိအောင် စနစ်တကျစီမံချက်ရေးဆွဲပြီး လုံခြုံရေးအပြည့်အဝရရှိအောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် ယခင်နှစ်များက တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်များအပေါ် အခြေခံပြီး ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရေး အကြံပြုဆွေးနွေးသွားကြရန်နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပေးကြပါဟု ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က “၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီအောက်တွင် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းတာဝန်များ သတ်မှတ်ထားရှိမှု” အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် “ကျန်းမာရေးဆပ်ကော်မတီ” ဆိုင်ရာ ကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် အမြဲတမ်းတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းတို့က လည်းကောင်း၊ “နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေး ဆပ်ကော်မတီ” ဆိုင်ရာ ကိစ္စရပ်များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က လည်းကောင်း၊  “နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲ စစ်ရေးပြဆပ်ကော်မတီ” ဆိုင်ရာ ကိစ္စရပ်များကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ ကလည်းကောင်း၊ “လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်းတို့ကလည်းကောင်း၊ “မီးရှူးမီးပန်းများ ပစ်ဖောက်ရေးဆပ်ကော်မတီ” ဆိုင်ရာ ကိစ္စရပ်များကို စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင် ကလည်းကောင်း၊ “လုံခြုံရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က လည်းကောင်း၊ “ပြန်ကြားရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က လည်းကောင်း၊ “နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာ ပြုစုရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကလည်းကောင်း၊ “အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီ” ဆိုင်ရာ ကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးမျိုးလှိုင်ကလည်းကောင်း၊ “စာရင်းစစ်ဆေးရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးကလည်းကောင်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေသော အချိန်ကာလဖြစ်သည့်အတွက် အခမ်းအနားကျင်းပမည့် အခြေအနေများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံတို့က ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆပ်ကော်မတီများအလိုက် တင်ပြချက်များ၊ အကြုံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ 

သတင်းစဉ်