ကျွန်မတို့ အခု ပြည်သူတွေ ကျန်းမာရေးအတွက် ဂရုစိုက်တဲ့နေရာမှာ ဘယ်သူ့ကိုမှ မချန်လှပ်ထားပါဘူး။ စောစောကပြောသလိုပေါ့နော်၊ အယုတ်အလတ်အမြတ်မခွဲခြားပါဘူး။ ဥပမာအားဖြင့်ဆိုရင်အကျဉ်းကျနေတဲ့ ပြည်သူတွေ၊ အချုပ်ခံနေရတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုလည်း ကျွန်မတို့ အများကြီးစဉ်းစားပါတယ်။ အကျဉ်းထောင်ထဲမှာလည်း ရောဂါမပြန့်ပွားအောင်၊ အချုပ်ခန်းတွေထဲမှာ ရောဂါမပြန့်ပွားအောင်လို့ တစ်ချိန်တည်းမှာပဲ တရားဥပဒေစိုးမိုးရေးကို ဦးထိပ်ထား ပြီးတော့ တရားစီရင်မှုတွေကို လုပ်ထုံးလုပ်နည်းအရ ဆက်လက်ပြီးတော့ ဖြစ်သွားအောင်လို့လည်း ကျွန်မတို့ စီစဉ်ရပါတယ်။ ဒါကြောင့် ရမန်ပေးတဲ့နေရာမှာ၊ စီရင်ချက်ချတဲ့နေရာမှာ ဘယ်လိုအကောင်းဆုံးလုပ်မလဲ၊ တရားဥပဒေနဲ့လည်း ကိုက်ညီအောင်၊ နောက်ပြီးတော့ အကျဉ်းကျနေတဲ့၊ အချုပ်ခံနေရတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကိုလည်း ကာကွယ်နိုင်အောင်ဆိုပြီးတော့ အဘက်ဘက်ကနေ ကျွန်မတို့ကြည့်ပြီးတော့ ကြိုးစားပါတယ်။ ဒါကြောင့်မို့ ဘယ်သူမှ အားငယ်စရာမလိုပါဘူး။ ငါကတော့ အရေးမပါဘူး။ ငါက အကျဉ်းကျနေတဲ့သူ၊ အချုပ်ကျနေတဲ့သူလို့ စဉ်းစားစရာမလိုပါဘူး။ အားလုံးကို တန်းတူညီတူ ဂရုစိုက်ပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါမယ်။

(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှကောက်နုတ်ချက်)