၁၀ အောက်တိုဘာ
၁။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရချိန်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်က အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၂။ ဤကဲ့သို့သောအချိန်အခါတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ချမှတ်သော မူဝါဒများ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက် များကို လိုက်နာဆောင်ရွက် နေထိုင်ကြရသဖြင့် မိမိ၏မဲစာရင်းပါရှိရာ မဲဆန္ဒနယ်သို့ ပြန်လည်၍ ဆန္ဒမဲပေးနိုင်ခြင်း မရှိသော မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များရှိနေသည်ကို တွေ့ရှိရပါသည်။ ထိုသူများ ဆန္ဒမဲပေးမှု မဆုံးရှုံးစေရန် အထူးလိုအပ်လျက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ အဆိုပါမဲဆန္ဒရှင်များသည် မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အလို့ငှာ မိမိတို့ ရောက်ရှိနေသော မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ဆက်သွယ်၍ ကြိုတင်ဆန္ဒမဲဖြင့် ဆန္ဒမဲပေးနိုင်ရန် ပုံစံ ၁၅ များရယူ၍ လျှောက်ထားနိုင်ကြပါသည်။ ယင်းသို့လျှောက်ထားချက်ရရှိသည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် အဆိုပါမဲဆန္ဒရှင်၏မဲစာရင်းပါရှိရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲနှင့်အမြန်ဆုံးဆက်သွယ်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အထူးကိစ္စတစ်ရပ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


