လွိုင်ကော် ၁၀ အောက်တိုဘာ
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးခြင်းလုပ်ငန်း များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်နယ်၏ ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် လွိုင်ကော် မြို့ အထက(၆)၌ ဖွင့်လှစ်ထားရှိသည့် ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူကျေးရွာ အထက(ခွဲ) ဝါရီကောခူကျောင်းဝင်းအတွင်းသို့ ပြောင်းရွေ့ ဖွင့်လှစ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှုန်းသည် ယခင်ကထက် ပိုမိုမြင့်တက်လာသည့် အခြေအနေများကြောင့် ကယားပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများကို ပိုမိုစနစ်ကျ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို အထက(၆)တွင် ထားရှိရာမှ လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူကျေးရွာ၊ အထက(ခွဲ) ဝါရီကောခူကျောင်းဝန်းအတွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ တည်းခိုနေထိုင်နိုင်ရေးအတွက် အခန်းနှင့် ခုတင်များ၊ သောက်ရေသုံးရေများ၊ လျှပ်စစ်မီးများ၊ ရေချိုးခန်း၊ သန့်စင်ခန်းနှင့် မော်တော် ယာဉ်ရပ်နားမည့် နေရာများကို စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိပေးထားပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအားလုံး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ပြည်နယ်အစိုးရမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်ပြင်ပမှ ဝင်ရောက်လာသည့် ကုန်တင်မော်တော်ယာဉ်များ အားလုံး အဆိုပါ ယာယီယာဉ်ရပ်နားစခန်းတွင်သာ ထားရှိဆောင်ရွက်သွားရမည်ဖြစ်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ ကျန်းမာရေးကို နေ့စဉ်စစ်ဆေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)


