ကျောက်ပန်းတောင်း ၁၀ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကျေးရွာများ လျှပ်စစ်မီးရရှိရေး အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာ များအနက် အောက်တိုဘာ ၉ ရက်နေ့ ညနေက ကျေးရွာ ၂ ရွာတွင် လျှပ်စစ်မီး ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးကျော်မိုးထံက သိရသည်။
အဆိုပါ လျှပ်စစ်မီးရရှိခဲ့သည့် ကျေးရွာများမှာ မိုးနံကျင်းကျေးရွာအုပ်စု မိုးနံကျင်းကျေးရွာနှင့် ကံရွာကျေးရွာတို့ဖြစ် ပြီး အဆိုပါကျေးရွာများ မီးလင်းရေးအတွက် လိုအပ်သည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် (၁၁/၀.၄)ကေဗွီ ထရန်စဖော်မာများ တပ်ဆင်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် တပ်ဆင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်း ၄၀၀ဗို့ ဓာတ်အားလိုင်းကို၊ ကျေးရွာပြည်သူများ၏ ပူးပေါင်းပါဝင်ငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးကျော်မိုးက ပြောပါသည်။ ယခုအခါ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာ (၃၃၉) ရွာရှိသည့် အနက် ယခုမီးလင်းသည့် ကျေးရွာ(၂)ရွာ အပါအဝင် ကျေးရွာပေါင်း (၁၆၈)ရွာတွင် လျှပ်စစ်မီးအပြည့်အဝ ရရှိနေကြ ပြီဖြစ်ပြီး ကျန်ရှိသည့်ကျေးရွာများလည်း လျှပ်စစ်မီးအမြန်ရရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


