ချောင်းဦး  ၁၀  အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံကြီး၊ တိုက်နယ်ဆေးရုံ(၂)ရုံနှင့် ကျေးလက် ကျန်းမာရေးဌာန(၆)ခုသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ PPE ၀တ်စုံ(၅၀)နှင့် Mask အခု (၂၀၀၀)ကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ပေးအပ်ရာတွင် ချောင်းဦးမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်က  အမှာစကား ပြောကြားသည်။

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထောက်ပံ့သည့် PPE ၀တ်စုံ (၅၀)နှင့် Mask အခု (၂၀၀၀)၊ ချောင်းဦးမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လှူဒါန်းသော လက်အိတ်အခု(၁၀၀)ပါ (၈)ဘူး၊  မြန်မာဩဘာကုမ္ပဏီမှ လှူဒါန်းသော H2O2 ပိုးသတ်ဆေးဘူး (၃၈)ဘူးနှင့် မန္တလေးဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ လှူဒါန်းသော အရက်ပြန် (၃)ဂါလန်တို့ကို ချောင်းဦးမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ဘော်က မြို့နယ်ပြည်သူ့ဆေးရုံကြီး အတွက် PPE ၀တ်စုံ(၂၅)စုံ၊ MASK အခု (၂၅၀)၊ အရက်ပြန် (၃)ဂါလန်နှင့် H2O2 ပိုးသတ်ဆေး တစ်လီတာပါ ဘူး (၃၀)နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံ(၂)ရုံအတွက် PPE ၀တ်စုံ(၇)စုံ၊ MASK အခု (၅၀၀)၊ လက်အိတ်(၂) ဘူးနှင့် H2O2 ပိုးသတ်ဆေး တစ်လီတာပါ (၂)ဘူးအား လည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့် က မြို့နယ်ကျေးလက်ကျန်းမာရေး ဌာန(၆)ခုအတွက် PPE ၀တ်စုံ(၁၈)စုံ၊ MASK အခု (၁၅၀၀)၊ လက်အိတ်(၆) ဘူးနှင့် H2O2 ပိုးသတ်ဆေး တစ်လီတာပါ (၆)ဘူးကို လည်းကောင်း၊ လွှဲပြောင်းပေးအပ်ရာ မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာကျော်ထွန်းဦး ကိုယ်စား သက်ဆိုင်ရာ ကျန်းမာရေး၀န်ထမ်းများက လက်ခံရယူခဲ့သည်။

 

ထောက်ပံ့ပေးအပ်ရာသို့ ချောင်းဦးမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်၊ ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် မြို့နယ်ကျေးလက်ကျန်းမာရေးဌာနတို့မှ ကျန်းမာရေး၀န်ထမ်းများ တက်ရောက် ခဲ့ကြောင်း  သိရသည်။

အိအိအောင်(ချောင်းဦး)