နေပြည်တော် ၁၀ အောက်တိုဘာ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပဆဲ (၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကာလအတွင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဝန်ကြီးအဆင့် အစည်းအဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့သည်။ အစည်းအဝေးကို “ဘန်ဒေါင်း+၆၅: ကိုဗစ်-၁၉ အပါအဝင် ကမ္ဘာ့စိန်ခေါ်မှုများကို တုံ့ပြန်ဖြေရှင်းမည့် ပိုမိုဆီလျော်မှုရှိသော၊ စည်းလုံးညီညွတ်သော၊ ထိရောက်သော ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်လာမှု၊ ကမ္ဘာမြေကြီး ပူနွေးလာမှု၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ မှေးမှိန်လာမှုကဲ့သို့သော မကြုံစဖူး စိန်ခေါ်မှုများနှင့် ယင်းစိန်ခေါ်မှု များအား ပိုမိုဆိုးရွားလာစေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့အနေဖြင့် အဖွဲ့ကြီး၏ (၆၅)နှစ်မြောက် အခါသမယတွင် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုခိုင်မာအောင်ကြိုးပမ်းကြရန် လိုအပ်ကြောင်းနှင့် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် စျေးကွက်များကို ဆက်လက်ဖွင့်လှစ်ထားကြရန်၊ ကုန်စည်စီးဆင်းမှု ချောမွေ့စေရန်နှင့် ရောဂါ ကာကွယ်ဆေးကို လူတိုင်းလက်လှမ်းမီသည့် စျေးနှုန်းဖြင့် တစ်ကမ္ဘာလုံးက ရရှိအသုံးပြုနိုင်စေရန်တို့အတွက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စစ်အေးကာလအတွင်းက လွတ်လပ်ရေးရပြီးစ နိုင်ငံများ စုပေါင်း၍ ဘန်ဒေါင်းမူဝါဒများအပေါ် အခြေခံကာ၊ ငြိမ်းချမ်း၍ သာယာဝပြောသည့်ကမ္ဘာကြီးနှင့် အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ၎င်းတို့၏ကံကြမ္မာကို လွတ်လပ်စွာ စဉ်းစားဆုံးဖြတ်နိုင်စေမည့် တရားမျှတမှုနှင့် သာတူညီမျှမှုရှိသည့် အခင်းအကျင်းတစ်ရပ်ကို တည်ထောင်နိုင်ရန် မျှော်မှန်း၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏ မူလအဖွဲ့ဝင်ဖြစ်သည့် အားလျော်စွာ ဘန်ဒေါင်းမူဝါဒများကို အပြည့်အဝ ယုံကြည်လိုက်နာလျက်ရှိပြီး၊ ဘက်မလိုက်မူဝါဒကို နိုင်ငံခြားရေးမူဝါဒ၏ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် တစိုက်မတ်မတ် လက်ခံကျင့်သုံး ခဲ့ကြောင်း ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆောင်ရွက်လျက်ရှိပြီး၊ ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပပျောက်ရေး၊ ပြည်သူများ၏ လူမှု-စီးပွားဘဝ မြှင့်တင်ရေးနှင့် ဒီမိုကရေစီ နည်းလမ်းမကျသည့် ဖွဲ့စည်းပုံအခြေခံ ဉပဒေပြင်ဆင်ရေးကဲ့သို့သော စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ မိမိတို့နိုင်ငံ၏ ပုံရိပ်ကိုထိခိုက်စေရန် ဝေဖန်ပုတ်ခတ်ရေးလှုပ်ရှားမှုများကြောင့်လည်း အခြေအနေများကို ပို၍ရှုပ်ထွေးစေကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ယင်းစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် သန္နိဋ္ဌာန်ပြုထားကြောင်းကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့အကြီးကို ပိုမိုခိုင်မာအားကောင်းစေရန် မတူကွဲပြားသည့် အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်ရေးနှင့် နိုင်ငံတစ်နိုင်ငံ၏ စိန်ခေါ်မှုအခက်အခဲများကို အခြားတစ်နိုင်ငံက နားလည်နိုင်ရန် ကြိုးပမ်းလျက်အဖွဲ့ဝင်နိုင်ငံများအကြား ပြဿနာများကို ချစ်ခင်ရင်းနှီး၍ အပြုသဘောဆောင်သည့်ပုံစံဖြင့် ဖြေရှင်းကြရေးတို့ကို တိုက်တွန်းပြောကြားခဲ့သည်။
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ လက်ရှိဥက္ကဋ္ဌမှာ အဇာဘိုင်ဂျန်နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဝန်ကြီးအဆင့်အစည်းအဝေးမှ နိုင်ငံရေးကြေညာချက် တစ်စောင်ကို အတည်ပြုခဲ့သည်။
သတင်းစဉ်


