ရန်ကုန်      ၁၀  အောက်တိုဘာ

အင်းယားစင်တာ တည်ဆောက်မှုလုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးမြောက်အောင်မြင်သွားပြီဖြစ်သဖြင့် အဆိုပါစင်တာကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် KBZ Life Insurance နှင့် KBZ MS General Insurance တို့မှ အင်းယားစင်တာတွင် တာဝန် ထမ်းဆောင်ကြမည့် ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၂၀၀ ဦးအတွက်   ကျန်းမာရေး အာမခံများကို KBZ Life Insurance ကုမ္ပဏီ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးနေမျိုးအောင်က ပေးအပ်လှူဒါန်းရာ အင်းယားစင်တာလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးတင့်ဆန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။

ထို့နောက် ကျန်းမာရေးအာမခံများ ပေးအပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍  KBZ Life Insurance နှင့် KBZ MS General Insurance ကုမ္ပဏီများ၏ ဒုတိယဥက္ကဋ္ဌ ဦးညိုမြင့်က “ယနေ့ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကာလတစ် လျှောက်လုံးမှာ မိမိတို့ရဲ့အသက်နဲ့ ကျန်းမာရေးကို ပဓာနမထားဘဲ မေတ္တာတရားကြီးမားတဲ့စိတ်၊ စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်တွေနဲ့ ပြည်သူတွေကို ဆေးကုသမှုပေးနေကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ စေတနာ့ဝန်ထမ်းတွေကို ကျွန်တော်တို့ရဲ့ KBZ Life Insurance နှင့် KBZ MS General Insurance တို့က လေးစားဂုဏ်ပြုတဲ့အနေနဲ့ လှူဒါန်းပေးအပ်ရခြင်းဖြစ်ကြောင်း၊ အခုလို ကျန်းမာရေးအာမခံရရှိထားမယ်ဆိုရင် လက်ရှိကာလအတွင်း ကျန်းမာရေးတစ်စုံတစ်ရာ ဖြစ်ပေါ်လာရင် ဆေးကုသစရိတ်အပါအဝင် အခြားခံစားခွင့်တွေ အပြည့်အဝရရှိမှာဖြစ်ကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါနဲ့ ကျန်းမာရေးထိခိုက်မှုရှိမယ်ဆိုရင်တော့ သတ်မှတ်ခံစားခွင့်အားလုံးရဲ့ (၂)ဆကို ခံစားရရှိမှာဖြစ်ပါတယ်”ဟု ရှင်းလင်း ပြောကြားသည်။

KBZ Life Insurance နှင့် KBZ MS General Insurance တို့သည် နိုင်ငံတကာမှ ပေးအပ်ချီးမြှင့်သော အထွေထွေနှင့် အသက်အာမခံလုပ်ငန်းနှင့် ပတ်သက်သည့် အကောင်းဆုံး အာမခံဆုများစွာကို နှစ်စဉ်ရရှိထားပြီး မြန်မာနိုင်ငံအတွင်း အများပြည်သူများ လိုအပ်လျက်ရှိသော အသက်နှင့် အထွေထွေအာမခံ အကာအကွယ်များကို မြန်မာနိုင်ငံတစ်ဝန်း ကျယ်ပြန့်စွာ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ကိုကျော်