နေပြည်တော်  ၁၀  အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံပြင်ပသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၌ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မြန်မာသံရုံး (၂၇)ရုံး၊ အဖွဲ့ရုံး(၂)ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး(၂)ရုံးနှင့် ပြင်ပမဲရုံခွဲ(၄)ခုတို့၌ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

 

ယနေ့ မဲရုံအသစ်များစတင်ဖွင့်လှစ်ခဲ့သည့် မြန်မာသံရုံး ပေကျင်းမြို့တွင် မဲဆန္ဒရှင်(၈၅)ဉီး၊ မြန်မာသံရုံး ကင်ဘာရာ မြို့တွင် မဲဆန္ဒရှင်(၃၀၃) ဉီး၊ မြန်မာသံရုံး အစ္စလာမာဘတ်မြို့တွင် မဲဆန္ဒရှင်(၁၉) ဉီး၊ မြန်မာသံရုံး၊ ဂျကာတာမြို့တွင် မဲဆန္ဒရှင် (၄၁)ဉီး၊ မြန်မာသံရုံး မနီလာမြို့တွင် မဲဆန္ဒရှင်(၈၄)ဉီး၊  မြန်မာသံရုံး ပါရီမြို့တွင် မဲဆန္ဒရှင် (၃၆)ဉီး၊ မြန်မာသံရုံး ဖနောင်ပင်မြို့တွင် မဲဆန္ဒရှင် (၁၁၀)ဉီး၊ မြန်မာသံရုံး၊ ပရီတိုးရီးယားမြို့တွင် မဲဆန္ဒရှင်(၂၅)ဉီး၊ မြန်မာသံရုံး ရီရတ်ဒ်မြို့တွင် မဲဆန္ဒရှင် (၁၃) ဉီး၊ မြန်မာသံရုံး ဗီယင်ကျန်းမြို့တွင် မဲဆန္ဒရှင်(၃၆) ဉီး၊ မြန်မာကောင်စစ် ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တွင် မဲဆန္ဒရှင် (၁၈၄) ဉီးတို့ ကြိုတင်ဆန္ဒမဲ လာရောက်ပေးခဲ့ကြသည်။

 

ဒေသဆိုင်ရာ စံတော်ချိန်များနှင့်အညီ မြန်မာသံရုံး၊ ဘာလင်မြို့၊ အော်တာဝါမြို့ အော်စလိုမြို့၊ ရောမမြို့၊ ဗီယင်နာမြို့၊ ဝါရှင်တန်မြို့တို့တွင်လည်းကောင်း၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့နှင့် နယူးယောက်မြို့တို့တွင် လည်းကောင်း မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ့်မြို့တွင်လည်းကောင်း မဲရုံများစတင်ဖွင့်လှစ်လျက်ရှိ ကြောင်းနှင့် မြန်မာသံရုံး၊ ကိုင်ရိုမြို့နှင့် လန်ဒန်မြို့တို့ရှိ မဲရုံများ၌ ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးကြကြောင်း သိရသည်။

 

ထို့အပြင် သက်ဆိုင်ရာ မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ခြင်း မရှိသည့် မြန်မာနိုင်ငံသားများအတွက် ပြင်ပမဲရုံခွဲများ ဖွင့်လှစ်ခဲ့ရာ ဩစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့တွင် မဲဆန္ဒရှင် (၈၈) ဉီး၊ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တွင် မဲဆန္ဒရှင်(၃၇) ဉီး၊ ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် မဲဆန္ဒရှင် (၂၃၃)ဉီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအိုဒေသတွင် မဲဆန္ဒရှင်(၂၂၃) ဉီး လာရောက်ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်။

 

မြန်မာသံရုံး(၉)ရုံး၌ ကြိုတင်ဆန္ဒမဲ ဆက်လက်ပေးခဲ့ကြရာ မြန်မာသံရုံး ဗန်ကောက်မြို့၌ မဲဆန္ဒရှင် (၁၅၀၄)ဉီး၊ မြန်မာသံရုံး ကွာလာလမ်ပူမြို့၌ မဲဆန္ဒရှင် (၁၀၄၅) ဉီး၊ မြန်မာသံရုံး မော်စကိုမြို့၌ မဲဆန္ဒရှင် (၁၀၈) ဉီး၊ မြန်မာသံရုံး နယူးဒေလီမြို့၌ မဲဆန္ဒရှင် (၄)ဉီး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မဲဆန္ဒရှင် (၁၀၂၂)ဉီး၊ မြန်မာသံရုံး၊ စင်ကာပူမြို့၌ မဲဆန္ဒရှင်(၁၈၀၀)ကျော်ခန့်၊ မြန်မာသံရုံး တိုကျိုမြို့၌ မဲဆန္ဒရှင်(၃၉၁) ဉီး လာရောက်ဆန္ဒမဲ ပေးခဲ့ကြကြောင်း သိရသည်။

 

မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများအား သက်ဆိုင်ရာနိုင်ငံများ၏ ကိုဗစ်ရောဂါ ကာကွယ် တားဆီးရေး၊ ချမှတ်ထားသော စည်းကမ်းများနှင့်အညီဖြစ်စေရေး၊ မဲရုံအတွင်းသို့မဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့် ဆေးရည်များဖြင့် စနစ်တကျလက်သန့်စေခြင်း၊ တစ်ခါသုံးလက်အိတ်နှင့် နှာခေါင်းစည်းများ ပံ့ပို့ပေးခြင်းတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များကလည်း မြန်မာသံရုံးများမှ စီစဉ်ဆောင်ရွက် ထားရှိသည့်အတိုင်း လိုက်နာကာ စနစ်တကျဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။

 

ယနေ့တွင် မြန်မာသံရုံး (၂၇)ရုံး၊ အဖွဲ့ရုံး (၂)ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး (၂)ရုံးနှင့် ပြင်ပမဲရုံခွဲ (၄)ခုတို့တွင် မြန်မာနိုင်ငံ သားများ ကြိုတင်ဆန္ဒမဲများ လာရောက်ပေးခဲ့ကြသဖြင့် ယခုအချိန်အထိ မဲဆန္ဒရှင်စုစုပေါင်း (၇၃၉၁)ဉီး လာရောက် ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်