ဆော ၁၁ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် ကျေးရွာလုံးကျွတ် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး ဘဏ္ဍာရေးနှစ်အလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ဆောမြို့နယ်အတွင်း ကျေးရွာ(၁၈)ရွာ လျှပ်စစ်မီးရရှိနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်မီးရရှိခဲ့သည့် ကျေးရွာများမှ ရင်းခေါ်၊ အကြည်ကတင်း၊ မင်းလယ်နှင့် ခွင်းချောင်း ကျေးရွာ (၄) ရွာကို အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး NEP Phase-1 စီမံကိန်းဖြင့် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်နိုင်ခဲ့ပြီး၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော လယ်ရင်း၊ အညာကတင်း၊ ကံချောင်း ကျေးရွာ (၃) ရွာနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တာဝန်ယူ တည်ဆောက်နေသော ကျေးရွာ (၁၅) ရွာအနက်မှ ခူးချောင်း၊ ကြိမ်ချောင်း၊ ကျောက်စစ်၊ လက်မွန်၊ ကြံခင်း၊ ခင်ပြင်၊ လှော်ကား၊ ရင့်ရဲချောင်း၊ အင်ဘူး၊ ရင်းကဲ၊ ပိန်းချောင်းကျေးရွာ (၁၁) ရွာ လျှပ်စစ်မီးလင်းရေး ထပ်မံဆောင်ရွက်ပြီးစီးသဖြင့် စုစုပေါင်းကျေးရွာ (၁၈) ရွာတွင် လျှပ်စစ်မီးရရှိနေပြီ ဖြစ်ကြောင်း၊ လျှပ်စစ်မီး မရရှိသေးသည့် ကျန်ရှိနေသော နတ်ကောင်းကျင်း၊ ဆွဲလွဲကျင်း၊ ဆီမီး၊ သိန်းကျင်း ကျေးရွာ (၄)ရွာအား အောက်တိုဘာလ ယခုလအတွင်း လျှပ်စစ်မီးအမြန် ရရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးဇော်ဝင်း၏ ပြောပြချက်အရ သိရသည်။
ဇော်မျိုးသန့်(ဆော)


