ပခုက္ကူ ၁၁ အောက်တိုဘာ
ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ ရွှေ့ပြောင်းရသော အိမ်ထောင်စုများအတွက် အိမ်ရွှေ့ပြောင်းရန် စရိတ်နှင့် ရိက္ခာဖိုးငွေ ပေးအပ်ပွဲကို ပခုက္ကူမြို့နယ် သဖန်းပင်ကျေးရွာနှင့် ထနောင်းကုန်းကျေးရွာတို့၌ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ကရုဏာလူမှု စည်းလုံးညီညွှတ်ရေးအသင်းမှ ဦးရဲကျော်ထက်က ကရုဏာလူမှုစည်းလုံး ညီညွှတ်ရေးအသင်း၏ ချိတ်ဆက်ဆောင်ရွက်ပေးမှုဖြင့် Cord aid အဖွဲ့အစည်း ထောက်ပံ့ ပေးငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး စနစ်တကျရွှေ့ပြောင်းကြရန်နှင့် ကျေးရွာသဘာဝဘေးအန္တရာယ်လျော့ချရေး ကော်မတီအနေဖြင့် ဌာနဆိုင်ရာများအား အလှူရှင်အဖွဲ့ အစည်းများနှင့် ကျေးရွာလူထုကြား စနစ်တကျ ချိတ်ဆက်ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ သဖန်းပင်ကျေးရွာမှ ရွှေ့ပြောင်းရမည့် နေအိမ် ၁၁ လုံး၊ အိမ်ထောင်စုဝင် ၆၀၊ ထနောင်းကုန်း ကျေးရွာမှ နေအိမ် ၃ လုံး၊ အိမ်ထောင်စုဝင် ၁၁ ဦးတို့အတွက် တစ်အိမ်ရွှေ့ပြောင်း စရိတ်ကျပ်တစ်သိန်းစီနှင့် လူတစ်ဦး နှစ်ပတ်စာစားနပ်ရိက္ခာဖိုး ၇၅၀၀ ကျပ်နှုန်းနှင့် နှာခေါင်းစည်း၊ handgel များ၊ စုစုပေါင်း ငွေကျပ်သိန်း (၂၀)ဖိုးခန့် လှူဒါန်းခဲ့သည်။
ပခုက္ကူမြို့နယ် သဖန်းပင်ကျေးရွာတွင် အိမ်ခြေ ၉၅ အိမ်ရှိပြီး ယခုနှစ်အတွင်း ဧရာဝတီမြစ်ရေ တိုက်စား၍ မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကမ်းနှင့်ဝေးရာသို့ တစ်ရွာလုံးရွှေ့ပြောင်းရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဇော်(ဓာတု)


