မောင်စာဂ
ရွေးကောက်ပွဲတစ်ခုတွင် ဆန္ဒမဲပေးမည့်သူများအတွက် မဲဆန္ဒရှင်များစာရင်း ပြုစုရသည်။ ဆန္ဒမဲလက်မှတ်များ ပြုစုရသည်။ ဆန္ဒမဲလက်မှတ်ပေါ်တွင် မိမိကြိုက်နှစ်သက်ရာ ကိုယ်စား လှယ်လောင်းကို ဆန္ဒပြုရသည်။ ဆန္ဒပြုပြီးသောဆန္ဒမဲလက်မှတ်ကို မဲပုံးအတွင်းသို့ ထည့်ရသည်။ မဲရုံအလိုက် ဆန္ဒမဲများရေတွက်ရသည်။ ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်များကို ကြေညာပေးရသည်။ ဖော်ပြခဲ့သည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အချို့သောနိုင်ငံများ၏ ရွေးကောက်ပွဲများတွင် အီလက်ထရောနစ် နည်းပညာကိုအသုံးပြု၍ အကောင်အထည်ဖော်ဆောင်ရွက် နေကြသည်။ အီလက်ထရောနစ်နည်းပညာ တိုးတက်လာသည်နှင့်အညီ အဆင့်မြှင့်တင်၍ သုံးစွဲကာ အောင်မြင်မှုများရရှိနေကြသည်။ မြန်မာနိုင်ငံကလည်းမည်းသို့ ကျင့်သုံးဆောင်ရွက်နေ ပါသနည်း။ အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲစနစ်ကို စံပြု၍အနှစ်ချုပ် ဖော်ပြပါမည်။
အီလက်ထရောနစ် နည်းပညာသုံးစွဲရခြင်း၏ ရည်ရွယ်ချက်
အီလက်ထရောနစ်နည်းပညာသုံး မဲပေးသည့်စနစ်ကို ကျင့်သုံးရခြင်းမှာ လွယ်ကူစွာဆန္ဒမဲ ပေးနိုင်ရန်၊ လွယ်ကူစွာဆန္ဒမဲရေတွက်နိုင်ရန်၊ အချိန်ကုန်ငွေကုန် သက်သာစေရန်၊ လူအင်အား အသုံးချမှုလျော့နည်းစေရန်နှင့် အချိန်တိုအတွင်း မဲရလဒ်များရရှိလာစေရန် ရည်ရွယ်ချက်များဖြင့် ကျင့်သုံးခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံရွေးကောက်ပွဲစနစ်
အိန္ဒိယနိုင်ငံ၏ ရွေးကောက်ပွဲများတွင် အီလက်ထရောနစ်နည်းပညာ အသုံးပြုပုံကို အကျဉ်းမျှ ဖော်ပြပါမည်။ အိန္ဒိယနိုင်ငံတွင် အီလက်ထရောနစ်နည်းပညာသုံး မဲပေးစက်များကို ၁၉၉၇ ခုနှစ် ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် အသုံးပြုခဲ့သည်။ ၂၀၀၄ ခုနှစ်ကစတင်ကာ ယင်းစက်များကို တစ်ခုတည်းသော ဆန္ဒမဲပေးခြင်းနည်းလမ်းအဖြစ် အသုံးပြုခဲ့သည်။ နည်းပညာ တိုးတက်ပြောင်းလဲ လာသည်နှင့်အမျှ ဆန္ဒမဲပေးစက်များကိုလည်း အဆင့်မြှင့်၍ အသုံးပြုလာသည်။ ၂၀၁၉ ခုနှစ်က ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် အဆင့်မြင့် ဆန္ဒမဲပေးစက်များဖြင့် ကျင့်သုံးအသုံးပြုခဲ့ ကြောင်း ကိုယ်တိုင်လေ့လာ သိရှိခဲ့ရသည်။
ဆန္ဒမဲပေးရာတွင် အသုံးပြုသည့်စက်မှာ Electronic Voting Mechines ( EVM ) ဖြစ် သည်။ ယင်းစက်တွင် အစိတ်အပိုင်း သုံးပိုင်းပါရှိသည်။ ပထမအစိတ်အပိုင်းမှာ လွှတ်တော် ကိုယ်စားလှယ် လောင်းများကို ရွေးချယ်၍ ဆန္ဒမဲပေးနိုင်သည့် Ballot Unit ဖြစ်သည်။ ဒုတိယ အစိတ်အပိုင်းမှာ မဲရုံမှူးက ကိုင်တွယ်ထိန်းချုပ်သည့်အပိုင်း Control Unit ဖြစ်သည်။ တတိယအစိတ်အပိုင်းမှာ Voter - Verified Paper Aduit Trail (VVPAT) ဆိုသည့် အပိုင်းဖြစ်သည်။
မဲဆန္ဒရှင်တစ်ဦးက ဆန္ဒမဲပေးဖို့ ဆန္ဒမဲပေးမည့်စက်အနားသို့ ရောက်သည့်အခါ မဲရုံဝန်ထမ်း တစ်ဦးက Control Unit အပိုင်းမှ ခလုပ်ကိုနှိပ်လိုက်သည်။ ထိုအခါ Ballot Unit တွင် အစိမ်းရောင် မီးလင်းလာသည်။ ထိုသို့ မီးစိမ်းလင်းသည်နှင့် Ballot Unit တွင်ရှိနေသည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအမည်နှင့် ယင်း၏လိုဂိုအမှတ်တံဆိပ်ပါရှိသည့် ဆန္ဒမဲလက်မှတ်ထဲမှ မိမိကြိုက်နှစ်သက် သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာခလုပ်ကို နှိပ်လိုက်သည်။ ထိုသို့နှိပ်လိုက်ပြီးသည့်နှင့် တစ်ပြိုင်နက် မဲဆန္ဒရှင်ရွေးချယ်လိုက်သော ကိုယ်စားလှယ်လောင်းအမည်နှင့် အမှတ်တံဆိပ်သည် တတိယ အစိတ်အပိုင်းဖြစ်သည့် VVPAT ၏ Screen တွင် ၇ စက္ကန့်ပေါ်လာသည်။ မဲဆန္ဒရှင်က မိမိရွေးချယ်လိုက်သော ကိုယ်စားလှယ်လောင်း ဟုတ်မဟုတ် ကြည့်နိုင်သည်။ ထိုသို့ ၇ စက္ကန့် ပေါ်ပြီးသည့်နောက် မဲဆန္ဒရှင်ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်လောင်းအမည်ပါရှိသည့် စာရွက်သည် အောက်ဖက်ရှိ VVPAT ၏ပုံးထဲသို့ အလိုအလျောက် ရောက်ရှိသွားသည်။
အဆိုပါစက်တစ်လုံးဖြင့် မဲဆန္ဒရှင် ၁၅၀၀ အထိ ဆန္ဒမဲပေးနိုင်သည်။ မဲရလဒ်များ အထူး ရေတွက်ရန်မလိုပါ။ မည်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းက ဆန္ဒမဲမည်မျှရသည်ကို စက်မှာပင်ကြည့်၍ရသည်။ ပယ်မဲမရှိဟု ဆိုပါသည်။ အားလုံးလက်ခံကြသည်။ အငြင်းပွားမှုမရှိ ကြပါ။ အကယ်၍ အငြင်းပွားမှုပေါ်ပေါက်လာခဲ့လျှင် VVPAT ၏ ပုံးထဲသို့ ရောက်ရှိနေသော မဲဆန္ဒရှင်များဆန္ဒပြုခဲ့သည့် စာရွက်ပိုင်းများကိုထုတ်၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အများပြည်သူရှေ့ ပြန်လည်ရေတွက်ပေးရန် ဖြစ်သည်။
ဆန္ဒမဲပေးရာတွင် ဖော်ပြပါ စက်အစိတ်အပိုင်းသုံးခုအားလုံး အတူတကွရှိနေမှသာလျှင် ဆန္ဒမဲပေး၍ ရပါသည်။ ယင်းစက်များ၏ လုံခြုံရေးစနစ်မှာ အခြားစက်များနှင့် ချိတ်ဆက်ရန်မလိုဘဲ တစ်ခုတည်းအသုံးပြုနိုင်သည့် စနစ်ဖြစ်သည်။ ရေဒီယိုလှိုင်းများ၊ အခြားကြိုးမဲ့ ကွန်ယက်ချိတ်ဆက် သည့်လှိုင်းများ ဆက်သွယ်၍မရသောစနစ် ဖြစ်သည်။ တစ်ကြိမ်သုံး Chip များဖြင့် ပရိုဂရမ် ရေးဆွဲထားသည့် နည်းပညာအရ Dynamic Coding စနစ်ကို အသုံးပြုထားသည်။
ဒီမိုကရေစီသက်တမ်း အရှည်ကြာဆုံးဖြစ်သော၊ ဒီမိုကရေစီရွေးကောက်ပွဲအကြီးမားဆုံး ဖြစ်သော၊ မဲဆန္ဒရှင်သန်းပေါင်း ၉၀၀ ကျော်ရှိသော အိန္ဒိယနိုင်ငံ၏ ရွေးကောက်ပွဲများတွင် အီလက်ထရောနစ် နည်းပညာကိုအသုံးပြု၍ မဲစာရင်းပြုစုခြင်း၊ ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲရေတွက် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများရရှိနေသည်။
မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲနည်းစနစ်
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်တွင် အီလက်ထရောနစ်နည်းပညာစနစ်ကို အသုံးပြုနိုင် ခြင်းမရှိသေးပါ။ လုပ်ရိုးလုပ်စဉ် စာရွက်စာတမ်းများ၊ ပုံစံများပေါ်တွင် လက်ရေးများဖြင့် ဖြည့် သွင်းဆောင်ရွက်သည့် သမားရိုးကျနည်းစနစ် (Manual System) ကိုသာ အသုံးပြုသည်။
မဲစာရင်းပြုစုရာတွင် မဲစာရင်း ပုံစံ (၁)နှင့် တိုင်းရင်းသားလူမျိုးများ လွှတ်တော်ကိုယ်စား လှယ်လောင်းများအတွက် တိုင်းရင်းသားမဲစာရင်း ပုံစံ (၁-က) များကို ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကျင်းပစဉ်က အားလုံးနီးပါး လက်ရေးဖြင့်ပြုစုကြရသည်။ နောက်ပိုင်းတွင် လက်နှိပ် စက်များဖြင့်ပြုစုသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများအားလုံးကို ကွန်ပျူတာလက်တော့ပ်များကို အသုံးပြု၍ ပြုစုသည်။ ထိုသို့ပြုစုထားသော မဲစာရင်းကို စာရွက် များဖြင့်ကူး၍ ထုတ်ယူသည်။ ထိုသို့စာရွက်များဖြင့် ကူးယူထားသော မဲစာရင်းတွင် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လက်မှတ်ရေးထိုးသည်။ ထို့သို့စာရွက် စာတမ်းများဖြင့် ထုတ်ယူပြုစုထားသော မဲစာရင်းကိုသာ ကြော်ငြာသည်။ ယင်းမဲစာရင်းကိုသာ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များသို့ ထုတ်ပေးသည်။ ယင်းစာရွက်များဖြင့် ထုတ်ယူပြုစု ထားသော မဲစာရင်းများကိုသာ မဲရုံများတွင်အသုံးပြုသည်။ ယင်းမဲစာရင်းများပေါ်တွင် မဲဆန္ဒရှင် များကိုစိစစ်ပြီး လက်မှတ်ရေးထိုးစေ၍ ဆန္ဒမဲလက်မှတ်ထုတ်ပေးသည်။
ဆန္ဒမဲပေးရာတွင် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းနှင့် ယင်းတို့၏လိုဂိုတံဆိပ် များကို စာရွက်များပေါ်တွင် ပုံနှိပ်ပြုစုသည်။ ယင်းဆန္ဒမဲလက်မှတ်များကို မဲဆန္ဒရှင်များသို့ ထုတ်ပေးသည်။ မဲဆန္ဒရှင်များက ဆန္ဒမဲလက်မှတ်များရယူ၍ လျှို့ဝှက်ဆန္ဒပြုခန်းသို့ သွားရောက် သည်။ မိမိကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကိုရွေးချယ်၍ အမှန်တံဆိပ်ပါ တံဆိပ်တုံးကို သတ်မှတ်ထားသည့် အကွက်ထဲသို့နှိပ်၍ ဆန္ဒပြုသည်။ ပြီးလျှင်ဆန္ဒမဲလက်မှတ်ကို ခေါက်၍ မဲပုံးအတွင်းသို့ ကိုယ်တိုင်ထည့်သည်။
ဆန္ဒမဲရေတွက်ရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မဲရုံအကူကိုယ်စားလှယ်များနှင့် အသိသက်သေ မဲဆန္ဒရှင် များ၏ရှေ့မှောက်တွင် မဲပုံးထဲမှ ဆန္ဒမဲလက်မှတ်များကို ထုတ်ယူ၍ တစ်ရွက်စီရေတွက်သည်။ ရေတွက်ရာတွင် ကြော်ငြာဘုတ်ပေါ်တွင် မြန်မာနည်း တာလီခြစ်မှတ်၍ ရေတွက်သည်။ မဲရုံတိုင်း မဲရုံတိုင်းတွင် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ မဲရုံကိုယ်စားလှယ် ၂ ဦးကျစီ ထားရှိခွင့်ရရှိသည်။ ယင်းမဲရုံကိုယ်စားလှယ်များက ဆန္ဒမဲလက်မှတ် ထုတ်ပေးခြင်း၊ ဆန္ဒပြုခြင်း၊ မဲပုံးအတွင်းထည့်ခြင်း၊ မဲရေတွက်ခြင်းလုပ်ငန်းစဉ်များတွင် ဥပဒေနှင့်အညီ မမှန်မကန် ဆောင်ရွက်မှုများတွေ့ရှိပါက ကန့်ကွက်တင်ပြနိုင်သည့် အခွင့်အရေးများရရှိသည်။
ဆန္ဒမဲလက်မှတ်များကို ရေတွက်ပြီး မဲရလဒ်ကို စာရင်းရေးသွင်းရာ၌ သက်ဆိုင်ရာ မဲရုံမှူးက သတ်မှတ်သည့် ပုံစံ(၁၆)တွင် လက်ရေးဖြင့် ကိုယ်တိုင်ရေးသွင်းသည်။ မဲရုံမှူးနှင့် သက်ဆိုင်ရာမဲရုံ အကူကိုယ်စားလှယ်များက လက်မှတ်ရေးထိုးကြရသည်။ သက်ဆိုင်ရာမဲရုံတွင် ကပ်ထားကြေညာ သည်။ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်က ကူးယူခြင်း၊ ဓာတ်ပုံရယူခြင်းများ ပြုလုပ်ကြသည်။ သက်ဆိုင်ရာ မြို့နယ်ကော် မရှင်အဖွဲ့၊ ခရိုင်ကော်မရှင်အဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတို့က မဲရလာဒ်များ စုပေါင်းရေးသွင်းရသည်။ ပုံစံ (၁၈)၊ (၁၉) ၊(၁၉-က) ၊(၁၉-ခ) များကိုလည်း လက်ရေးဖြင့်ပင် ရေးသားဖြည့်သွင်းရသည်။
ဖော်ပြပါ လုပ်ငန်းစဉ်များကိုကြည့်လျှင် မြန်မာနိုင်ငံရွေးကောက်ပွဲများ၌ ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲရေတွက်ခြင်း၊ မဲရလဒ်များကို စာရင်းရေးသားဖြည့်သွင်းခြင်းစသည်တို့ကို မည်သည့် စက်ပစ္စည်းကိုမျှ အသုံးပြုခြင်းမရှိပါ။ မဲရုံအတွင်းတွင် မည်သည့်စက်ပစ္စည်းများကိုမျှ ထားရှိခြင်း မရှိပါ။ သမားရိုးကျ လုပ်ရိုးလုပ်စဉ်နည်းလမ်းဖြင့်သာ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ ရွေးကောက်ပွဲရလာဒ်များကို အီလက်ထရောနစ် နည်းပညာများကိုအသုံးပြု၍ လိုအပ်သလို ပြောင်းလဲပြင်ဆင်နိုင်သည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း သိရှိမြင်သာနိုင်သည်။
သမားရိုးကျစနစ်မှသည်အီလက်ထရောနစ်နည်းပညာဆီသို့
မြန်မာနိုင်ငံရွေးကောက်ပွဲများတွင် တစ်နေ့နေ့ တစ်ချိန်ချိန်၌ အိန္ဒိယနိုင်ငံကဲ့သို့ အီလက် ထရောနစ် နည်းပညာများကို အသုံးပြုလာနိုင်ပါသည်။ သို့သော် ကြာပါဦးမည်။ လေ့လာသင်ယူကြ ရပါမည်။ လေ့ကျင့်စမ်းသပ်မှုတွေ အချိန်အများကြီး ယူရပါဦးမည်။ အိန္ဒိယနိုင်ငံမှာပင် ၁၉၉၇ ခုနှစ်မှစ၍ အချို့သောဒေသများတွင် အီလက်ထရောနစ်နည်းပညာကို စတင်အသုံးပြုလာပြီး ၂၀၁၉ ခုနှစ်တွင်ကျမှ အဆင့်မြင့်နည်းပညာစက်များကို နိုင်ငံတစ်ဝန်း အသုံးပြုလာနိုင်ပါသည်။
မည်သို့ပင်ဆိုစေ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အဆင့်မြင့်နည်းပညာစက်များကိုအသုံးပြု၍ နိုင်ငံတကာအဆင့်မီ ရွေးကောက်ပွဲများ ကျင်းပနိုင်သည်အထိ လေ့လာသင်ယူ လေ့ကျင့်ပျိုးထောင်အသုံးပြုနိုင်ရေး မျှော်လင့်စောင့်စားနေမိကြောင်းပါ။
- လွတ်လပ်၍ မှန်ကန်မျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ပါစေ၊
- အဆင့်မြင့်နည်းပညာများအသုံးပြု၍ ရွေးကောက်ပွဲများကျင်းပနိုင်ရေးသင်ယူလေ့လာ ဆည်းပူးနိုင်ကြပါစေ၊
- အဆင့်မြင့်နည်းပညာများကို အသုံးပြုခြင်းဖြင့် ပို၍လွတ်လပ်မှန်ကန်မျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ကြပါစေ။