မောင်စာဂ
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည် တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲဖြစ်သည်။ ရွေးကောက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးဆောင်၍ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်က ကြီးကြပ်ကာ ကျင်းပပေးသွားမည်ဖြစ်သည်။ သို့ဖြစ်ရာ ရွေးကောက်ပွဲကော်မရှင်ဆိုတာ ဘာလဲ၊ ဘယ်လိုဖွဲ့စည်းထားသလဲ၊ ဘာတာဝန် တွေရှိသလဲ၊ ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အကြောင်း လေ့လာမိသည်။ အနှစ်ချုပ်မျှဝေပါရစေ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈ နှင့် အညီ နိုင်ငံတော်သမ္မတက ဖွဲ့စည်းသည်။ နိုင်ငံတော်သမ္မတသည် လွှတ်တော်ကိုယ်စားလှယ် များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့်ပုဂ္ဂိုလ်များကို ရွေးချယ်ရသည်။ ထိုသို့ရွေးချယ်ထားသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကိုစုစည်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့်ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်အနည်းဆုံး ငါးဦးဖြင့် ဖွဲ့စည်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအတွက် သတ်မှတ်ပေးထားသည့် အရည်အချင်းများမှာ အသက် ၅၀ နှစ် ပြည့်ပြီးသူဖြစ်ရမည်။ ယင်းအသက်ကန့်သတ်ချက်မှအပ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရမည်။ ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးအဖြစ်ဖြစ်စေ၊ အလားတူ ရာထူးတာဝန်တစ်ခုခုတွင်ဖြစ်စေ၊ အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော တရားရေး အရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းခဲ့သူ သို့မဟုတ် တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး အနှစ် ၂၀ အမှုလိုက်ပါဆောင်ရွက်ဖူးသူ သို့မဟုတ် ထင်ပေါ် ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်သမ္မတက ယူဆရသူဖြစ်ရမည်။
ထို့အပြင် သိက္ခာသမာဓိရှိပြီး အတွေ့အကြုံရင့်ကျက်သူ ဖြစ်ရမည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းမှုမရှိသူ ဖြစ်ရမည်။ နိုင်ငံတော်နှင့် နိုင်ငံသားများပေါ် သစ္စာရှိသူဖြစ်ရမည်။ နိုင်ငံရေးပါတီဝင် မဟုတ်သူဖြစ်ရမည်။ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ ဖြစ်ရမည်။ လစာ၊ စရိတ်၊ ကြေးငွေရသော မည်သည့် ရာထူးကိုမျှ လက်ခံခြင်းမပြုသူဖြစ်ရမည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သက်တမ်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်တွင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၏သက်တမ်းကို အတိအကျ ပြဋ္ဌာန်းထားသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏သက်တမ်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ခုနှစ်တွင် ပြဋ္ဌာန်းချက် တစ်စုံတစ်ရာမပါရှိပါ။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၇ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သက်တမ်း သည် နိုင်ငံတော် သမ္မတက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပြီးသည်အထိ ဖြစ်သည်ဟူ၍ ပြဋ္ဌာန်းထားသည်။ ယင်းပြဋ္ဌာန်းချက်သည် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပေးခဲ့သော ရွေးကောက်ပွဲ ကော်မရှင်အတွက် ဖြစ်ပါမည်။ ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို ရုပ်သိမ်း၍ ၂၀၁၂ ခုနှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြဋ္ဌာန်းသည့်အခါ ပုဒ်မ ၆ တွင် "ဖွဲ့စည်းထားသော ကော်မရှင်၏သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်း ဖြစ်သည်" ဟူ၍ သက်တမ်းကို ထပ်မံထည့်သွင်းပြဋ္ဌာန်းခဲ့သည်။ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ခြင်းမဟုတ်ဘဲ ၂၀၁၂ ခုနှစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သတ်မှတ်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။
ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့ကို ရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်အညီ ဖွဲ့စည်းသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ကော်မရှင်က သတ်မှတ်ထားသည့် မူဝါဒနှင့်အညီ မိမိတို့၏ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းသည်။ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူ ပုဂ္ဂိုလ်အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းသည်။ ယင်း အဖွဲ့ဝင်များထဲမှ တစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်သည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်သည်။ လိုအပ်လျှင် နိုင်ငံ့ဝန်ထမ်းများကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းနိုင်သည်။
အများယုံကြည်လေးစားခြင်းခံရသောပုဂ္ဂိုလ်များသည် အသက် ၄၀ နှစ်ပြည့်ပြီးသူဖြစ်ရမည်။ ရပ်ကွက် သို့မဟုတ် ကျေးရွောအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအတွက် အသက်ကန့်သတ်ချက် ကို လျှော့ပေါ့စဉ်းစားနိုင်သည်။ ထို့အပြင် နိုင်ငံသားဖြစ်ရမည်။ သိက္ခာသမာဓိနှင့် ပြည့်စုံပြီး အတွေ့အကြုံ ရင့်ကျက်သူဖြစ်ရမည်။ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။ သက်ဆိုင်ရာဒေသတွင် အမြဲနေထိုင်ပြီး ဒေသခံပြည်သူများက ယုံကြည်လေးစားသူ ဖြစ်ရမည်။ နိုင်ငံရေးပါတီဝင်မဟုတ်သူ ဖြစ်ရမည်။ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ ဖြစ်ရမည့်အပြင် မိမိတာဝန်ကျသည့် ဒေသ/ မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း၏ မိသားစုဝင်နှင့် အတူနေ ဆွေမျိုးသားချင်းများ မဖြစ်စေရ၊ ကော်မရှင်အဖွဲ့ခွဲဝင် တစ်ဦးဦးသည် ဤအချက်နှင့် ငြိစွန်းပါက နုတ်ထွက်ရမည်ဖြစ်သည်။ နိုင်ငံရေးပြစ်မှုဖြင့် သော်လည်းကောင်း၊ အကျင့်စာရိတ္တဆိုင်ရာ ပြစ်မှု ဖြစ်သော်လည်းကောင်း တရားရုံး၏ ပြစ်ဒဏ်စီရင်ချက်ကျခံဖူးသူ မဖြစ်စေရပါ။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏သက်တမ်း
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ရှိ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ သက်တမ်းသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းနှင့်အညီ ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏တာဝန်များ
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်များမှာ လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပရသည်။ ကြီးကြပ်ပေးရသည်။ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ဖွဲ့စည်းခြင်း၊ ကြီးကြပ်ခြင်းဆောင်ရွက်ရသည်။ မဲဆန္ဒနယ်မြေ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊ မဲစာရင်းများပြုစုခြင်းနှင့် ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ရသည်။ သဘာဝဘေးအန္တရာယ် သို့မဟုတ် နယ်မြေလုံခြုံရေးအခြေအနေကြောင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းနိုင်သည်။
ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီများဆိုင်ရာ နည်းဥပဒေများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်နိုင်သည်။ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ စသည် တို့ကို သက်ဆိုင်ရာဉပဒေများနှင့်အညီ ထုတ်ပြန်နိုင်သည်။ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးနိုင်ရေးအတွက် ဉပဒေနှင့်အညီ ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းနိုင်သည်။ ဉပဒေ တစ်ရပ်ရပ်အရ ပေးအပ်သည့်တာဝန်များကိုလည်း ထမ်းဆောင်ရသည်။
ရွေးကောက်ပွဲကော်မရှင်နှင့်ရွေးကောက်ပွဲများကျင်းပခြင်း
ပထမအကြိမ် လွှတ်တော်သက်တမ်းအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်၍ အဖွဲ့ဝင် ၁၆ ဦးဖြင့် ၁၁-၃-၂၀၁၀ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပေးခဲ့သည်။ ယင်းကော်မရှင်က ပထမအကြိမ် အထွေထွေ ရွေးကောက်ပွဲကို ၇ - ၁၁- ၂၀၁၀ ရက်နေ့တွင် ကျင်းပပေးခဲ့သည်။
ပထမအကြိမ်အထွေထွေရွေးကောက်ပွဲပြီး၍ လွှတ်တော်အသီးသီးပေါ်လာသည်။ ဦးတင်အေး ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင် ၆ ဦး ပါဝင်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်း ပေးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။ ၃-၄-၂၀၁၅ ရက်နေ့တွင် နောက်ထပ်အဖွဲ့ဝင် ၈ ဦး ထပ်မံတိုးချဲ့ဖွဲ့စည်းသည်။ ယင်းကော်မရှင်က ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို ၈ -၁၁- ၂၀၁၅ ရက်နေ့တို့တွင် ကျင်းပပေးခဲ့သည်။
ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲအပြီး ဦးလှသိန်း ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ အဖွဲ့ဝင် ၄ဦး ပါဝင်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ၁၄-၆-၂၀၁၇ ရက်နေ့ တွင် အဖွဲ့ဝင် ၂ ဦး ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သည်။ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တို့ကို ကျင်းပပေးခဲ့သည်။ ၈-၃-၂၀၁၉ ရက်နေ့တွင် အဖွဲ့ဝင် ၈ ဦးကို ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ဤရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို တာဝန်ယူဦးဆောင်၍ ကျင်းပသွားမည်ဖြစ်သည်။
ရွေးကောက်ပွဲနှင့်အတူ
ရွေးကောက်ပွဲတစ်ခု ကျင်းပတော့မည်ဆိုလျှင် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနှောင်းပိုင်းကာလဟူ၍ အချိန်ကာလအားဖြင့် ၃ ပိုင်းခွဲခြား တွေ့မြင်နိုင်သည်။ ယခုအချိန်အခါသည် ရွေးကောက်ပွဲအကြိုကာလပင် ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့သည် ရွေးကောက်ပွဲအကြိုကာလ ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်ကြရပါမည်။ ရွေးကောက်ပွဲအကြိုကာလ ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်း တာဝန်များမှာလည်း များပြားလှသည်။ အဓိကအချက်မှာ ပြည့်စုံမှန်ကန်သော မဲစာရင်းပြုစုရေးနှင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးဖြစ်သည်။ ဤသို့ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို ပြည်သူတို့နှင့်အတူ ဖြတ်သန်းသွားရလိမ့် မည်ဖြစ်ကြောင်းပါ။
- ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ပါစေ။
- တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါစေ။
- ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ကြပါစေ။