မောင်စာဂ

လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပတော့မည်ဆိုလျှင် နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ကြသကဲ့သို့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း များကလည်း ဝင်ရောက်ယှဉ်ပြိုင်ကြစမြဲဖြစ်သည်။ ဤတွင် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ် လောင်းဆိုသည်မှာ အဘယ်နည်း။ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း များ ပါဝင်ယှဉ်ပြိုင်မှု အခြေအနေမည်သို့ရှိသနည်း လေ့လာမိသည်။  အနှစ် ချုပ်၍မျှဝေပါရစေ။

 

ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အခွင့်အရေး

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ (က)အရ ရွေးကောက်ပွဲများတွင် နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်ရှိသကဲ့သို့ မိမိကိုယ်တိုင်ကလည်း ရွေးကောက်တင်မြှောက် ခံပိုင်ခွင့် အခွင့်အရေးရှိသည်။ ဤသည်မှာ နိုင်ငံတော်၏အခြေခံမူဖြစ်သည်။

 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေပုဒ်မ ၃၆၉(က)အရ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေများနှင့်ဖြစ်စေ မဆန့်ကျင်လျင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့် နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အခွင့်အရေးရှိသည်။ ဤသည်မှာ နိုင်ငံသားများ၏ မူလ အခွင့်အရေးတစ်ရပ်ဖြစ်သည်။

 

ထို့ပြင်  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၅ အရ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ သော်လည်းကောင်း၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ သော်လည်းကောင်း အရည်အချင်းပျက်ယွင်းသူ မဟုတ်ပါက လွှတ်တော် တစ်ရပ်ရပ်သို့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။

 

ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်း

ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းနှင့်ပြည့်စုံသော နိုင်ငံသားများသည် ရွေးကောက်ပွဲများ တွင် နည်းလမ်းနှစ်သွယ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။ ပထမနည်းလမ်းမှာ နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယင်းသို့ဝင်ရောက် ယှဉ်ပြိုင်ခြင်းကို ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဟူ၍ ခေါ်သည်။ ဒုတိယနည်းလမ်းမှာ နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မျိုးမဟုတ်ဘဲ နိုင်ငံသားတစ်ဦးအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယင်းသို့ယှဉ်ပြိုင်ခြင်းကို တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု ခေါ်သည်။

 

တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းများ

၂၀၁၀ ခုနှစ်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် လောင်းများအဖြစ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များတွင် ၄၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁ ဦး ရွေးကောက်တင်မြှောက်ခံရသည်။ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ  ၁ ဦး ရွေးကောက်တင်မြှောက်ခံရသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အသီးသီး၌ ၃၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄ ဦး ရွေးကောက်တင်မြှောက်ခံရသည်။

 

၂၀၁၂ ခုနှစ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၇ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်      ၆ နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း  ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မည်သည့်လွှတ်တော်မဲဆန္ဒနယ်တွင်မျှ ရွေးကောက်တင်မြှောက်ခံရခြင်း မရှိခဲ့ပါ။

 

၂၀၁၅ ခုနှစ်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် လောင်းများအဖြစ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၉၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁ ဦး ရွေးကောက် တင်မြှောက်ခံရသည်။ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ၄၂ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၂ ဦး ရွေးကောက်တင်မြှောက်ခံရသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အသီးသီးတွင် ၁၇၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၂ ဦး ရွေးကောက်တင်မြှောက်ခံရသည်။

 

၂၀၁၇ ခုနှစ်တွင်  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၉ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်      ၃ နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၇ နေရာတို့အတွက် ကြားဖြတ် ရွေးကောက်ပွဲကျင်းပရာ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ မည်သည့်လွှတ်တော်မဲဆန္ဒနယ်တွင်မျှ ရွေးကောက်တင်မြှောက်ခံရခြင်း မရှိပါ။

 

၂၀၁၈ ခုနှစ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်      ၁ နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၈ နေရာတို့အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁ ဦး ရွေးကောက်တင်မြှောက်ခံရသည်။

 

အခွင့်အရေးနှင့်တာဝန်များ

လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့်အခါ ရွေးကောက်ပွဲအာမခံငွေပေးသွင်းရသည်။ သတ်မှတ်ထားသည့် အမည်စာရင်းတင်သွင်းလွှာတွင် ဖြည့်သွင်း၍ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲသို့ တင်ပြရသည်။ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာ စိစစ်မှုခံယူရသည်။ ရွေးကောက်ပွဲကိုယ်စားလှယ်တစ်ဦးနှင့် မဲရုံကိုယ်စားလှယ်နှစ်ဦး ခန့်ထားရသည်။ သတ်မှတ်သည့်ကာလ မဲဆွယ်စည်းရုံးရသည်။ သတ်မှတ်ထားသည့် ရွေးကောက်ပွဲ အသုံးစရိတ်ငွေကိုသုံးစွဲရသည်။ မဲရုံများအတွင်းသို့ ဝင်ရောက်၍ ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲရေတွက်ခြင်းကို ကြည့်ရှုရသည်။ ရွေးကောက်ပွဲပြီးလျှင် ရွေးကောက်ပွဲကုန်ကျစရိတ်ငွေစာရင်းကို သတ်မှတ်သည့်အတိုင်း တင်သွင်းရသည်။ ရွေးကောက်ပွဲရလဒ်အပေါ်မကျေနပ်က သတ်မှတ်သည့်အတိုင်း ကန့်ကွက်လွှာ တင်သွင်းနိုင်သည်။ ဤသည်တို့မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး၏ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးနှင့်တာဝန်များမှ အနှစ်ချုပ်ဖြစ်သည်။

 

နိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စာလှယ်လောင်းများ၏ ရွေးကောက်ပွဲ ဆိုင်ရာ အခွင့်အရေးနှင့်တာဝန်များမှာ အတူတူပင်ဖြစ်သည်။ ထူးခြားချက်မှာ နိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် အစိုးရပိုင် ရုပ်မြင်သံကြားမှ မဲဆွယ်စည်းရုံးဟောပြောခွင့်ကို ထိုပါတီများ၏ ခေါင်းဆောင်များက ရရှိကြသော်လည်း တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စာလှယ်လောင်းများအတွက် ယင်းကဲ့သို့သော အခွင့်အရေးများ မရရှိပါ။

 

ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ ဆန္ဒပြုရမည့် ဆန္ဒမဲလက်မှတ်ပေါ်၌ပါရှိသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး၏ လိုဂိုအမှတ်တံဆိပ်သည် ပါတီကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ် လောင်းဖြစ်လျှင် ယင်းပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်စဉ် တင်ပြထား သည့် လိုဂိုအမှတ်တံဆိပ်အတိုင်း ဖြစ်သည်။ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်လျှင် ဆန္ဒမဲလက်မှတ်ပေါ်တွင် ၎င်းအသုံးပြုမည့် လိုဂိုအမှတ်တံဆိပ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ သတ်မှတ်ထားသည့်အတိုင်း ကြိုတင်တင်ပြ၍ အတည်ပြုချက် ယူရသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်တင်မြှောက်ခံရသည့် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များကို နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးသကဲ့သို့ ရွေးကောက်တင်မြှောက်ခံရသည့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များကိုလည်း တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးသည်။

 

ရွေးကောက်ပွဲနှင့်အတူ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်မှန်းထားကြသည့် တစ်သီး ပုဂ္ဂလများသည် မိမိတို့ဆောင်ရွက်ရန်ရှိသည်များကို ကြိုတင်ပြင်ဆင်ကြရမည်။ မည်သည့်လွှတ်တော် မဲဆန္ဒနယ်တွင် ပါဝင်ယှဉ်ပြိုင်ရမည်၊ မည်သည့်မြို့နယ်၊ မည်သည့်ဒေသမှ ဝင်ရောက်ယှဉ်ပြိုင်ရမည် တို့ကို စိစစ်ရွေးချယ်ရပါမည်။ မည်သူ့ကို မိမိ၏ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ်ထားမည်၊ မည်သူ တို့အား မဲရုံးကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များအဖြစ် ခန့်ထားမည်ကို လျာထားရပါမည်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များ၊ လမ်းညွှန်မှုများကို ဖတ်ရှုလေ့လာ အသိပညာပေးခြင်းများ ပြုလုပ်ရပါမည်။ မဲဆန္ဒရှင်ပြည်သူများနှင့်လည်း ထိတွေ့စည်းရုံးရန်ရှိပါသည်။ ဤမျှများပြားသော လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်မှုများ ပြုလုပ်ကြရမည်ဖြစ်သဖြင့် အချိန်နှင့်အမျှ အလေးထားဂရုပြု၍ သတိမူကြရပါမည်။

 

ဤသို့ဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မင်္ဂလာရှိသော ၂၀၂၀ ပြည့်နှစ်ကို ရွေးကောက်ပွဲလုပ်ငန်း များ စီမံဆောင်ရွက်ယင်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်အတူ ဖြတ်ကျော် ရမည်ဖြစ်ကြောင်းပါ။

•           လွှတ်တော်မဲဆန္ဒနယ်များအားလုံးတွင် ရွေးကောက်ပွဲများကို ချောမောအောင်မြင်စွာ ကျင်းပနိုင်ပါစေ၊

•           တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်ယှဉ်ပြိုင်နိုင်ကြပါစေ၊

•           အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်နိုင်ကြပါစေ။