ကျွန်းလှ ၁၁ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ကြာတကန်ကျေးရွာ၊ ကွင်းအမှတ်(၄၉၀)တောင်သူ ဦးမြသာ၏ ယာမြေ(၃)ဧကတွင် အောက်တိုဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ဆောင်းမြေပဲသီးနှံ ကျောက်မှုန့်မြေဩဇာ(ဂျစ်ပဆန်) ထည့်သွင်းခြင်းစံပြကွက် စိုက်ပျိုးကြောင်း သိရသည်။
တောင်သူများ ကျောက်မှုန့်မြေဩဇာ (ဂျစ်ပဆန်)ထည့်သွင်း စိုက်ပျိုးခြင်းဖြင့် ဆိုဒီယမ်ကို ဖယ်ထုတ်ပြီး သီးနှံအထွက်နှုန်း ကောင်းမွန်ကြောင်း၊ မြေပဲအတောင့်ကြီးထွားပြီး အဆန်ပြည့်တင်းခြင်း၊ ဆီထွက်နှုန်းကောင်းခြင်း၊ စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ခရိုင်မြေအသုံးချရေး တာဝန်ခံဒေါ်ခင်မြမြသွယ်က ရှင်းလင်းပြောကြားသည်။
“ကျွန်တော်ဆောင်းမြေပဲကို တော်သလင်းလပြည့်ကျော်မှာ စတင်စိုက်ပျိုးပါတယ်။ တစ်ဧကမျိုး တစ်တင်းခွဲစိုက်ပျိုးပြီးမျိုးဖိုး၊ ထွန်ယက်ခ၊အလုပ်သမားခ၊ မြေဩဇာ၊ ပိုးသတ်ဆေးဖိုး စုစုပေါင်းငွေကျပ်(၃)သိန်းခန့် ကုန်ကျပါတယ်။ ယခင်နှစ်က တစ်ဧကတင်း(၆၀)ခန့်ထွက်ရှိပါတယ်ဟု” မြေပဲစိုက်တောင်သူ ဦးမြသာက ပြောပြသည်။
အဆိုပါ ကျောက်မှုန့်မြေဩဇာ(ဂျစ်ပဆန်)ထည့်သွင်းပြီး စံပြကွက်စိုက်ပျိုးခြင်းကို ခရိုင်၊မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာမှ ပညာရှင်များ၊ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ကြောင်း၊ နည်းပညာပေး စင်တာများဖွင့်လှစ်ထားပြီး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


