ဟားခါး ၁၁ အောက်တိုဘာ
ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာတွင် ကိုယ်ထူကိုယ်ထဖြင့် တူးဖော်တည်ဆောက်ခဲ့သည့် အလျား ပေ ၃၀၀၊ အနံပေ ၂၀၀ ရှိ မာလ်ဆောမ်ကျေးရွာဘောလုံးကွင်းသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကွင်းတစ်ခုလုံး မြေသားကျွံကျ ပျက်စီးခဲ့သဖြင့် ချင်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက်သာမန်အသုံးစရိတ် ငွေကျပ်သိန်း(၅၀)ဖြင့် ကျေးရွာဘောလုံးကွင်းပြုပြင်ရေး ကော်မတီမှ စက်တင်ဘာ ၁၀ ရက်နေ့မှ စတင်ပြုပြင်ခဲ့ရာ ယခုတွင် ၁၀၀ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း ဟားခါးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရှိရသည်။
အဆိုပါ ကျေးရွာဘော်လုံးကွင်းပြုပြင်ရာတွင် ကျွံကျသောမြေနေရာ မြေဖို့ခြင်း၊ မိုးရေတိုက်စား သောမြေနေရာ ပြုပြင်ခြင်း အပါအဝင် မြေကာနံရံတည်ဆောက်ခြင်းနှင့် ရေလွှဲမြောင်း တည်ဆောက်ခြင်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက်သာမန်အသုံးစရိတ် ငွေကျပ်သိန်း(၅၀)ဖြင့် ဟားခါးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာဘောလုံးကွင်း ပြုပြင်ရေးကော်မတီမှ ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာတွင် ကျေးရွာဘောလုံးကွင်းပြုပြင်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးခဲ့သည့်အတွက် ကျေးရွာနေပြည်သူများအတွက် ကိုယ်ကာယလေ့ကျင့်ခန်းများနှင့် အားကစားပေါင်းစုံ ပြန်လည်ကျင်းပနိုင်မည် ဖြစ်၍ ကျေးရွာနေပြည်သူများ အထူးဝမ်းမြောက်လျက်ရှိကြောင်း ဟားခါးမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


