ကျောက်ပန်းတောင်း ၁၁ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ရွှေနဒီ ပရဟိတဘုန်းတော်ကြီးကျောင်းတွင် ဆရာတော် ဘဒ္ဒန္တ ယုဇန၏ အစီအစဉ်ဖြင့် သဘာဝပတ်ဝန်းကျင် အထောက်အကူဖြစ်စေရန်အတွက် ဝါးစိုက်ပျိုးဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ဝါးအဆင့်မြင့် ကုန်ချောထုတ်လုပ်ခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝါးစိုက်ပျိုးပေါက်ရောက်သည့် ဧရိယာအကျယ်ဝန်းဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်သော်လည်း ဝါးမှရရှိသည့် ဝင်ငွေအနည်းဆုံးနိုင်ငံ ဖြစ်နေကြောင်း၊ နည်းပညာတိုးတက်ဖို့ လိုအပ်နေကြောင်းနှင့် စနစ်တကျ စိုက်ပျိုးထားသည့် ဝါးစိုက်ခင်းများ ရှိဖို့လိုအပ်သလို နည်းပညာနှင့် လုပ်အားပေါင်းစပ်၍ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုအပ်နေကြောင်း ဆရာတော် ဘဒ္ဒန္တယုဇနက မိန့်ကြားသည်။
အဆိုပါ လိုအပ်ချက်များကို တတ်နိုင်သလောက် ဖြည့်ဆည်းနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အကူဖြစ်စေရန် ဝါးပျိုးခင်းများ ပြုစုပျိုးထောင်ခြင်းနှင့် ဝါးစိုက်ခင်း တည်ထောင်ခြင်းများကို ၂၀၁၃ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ စိုက်ပျိုးအောင်မြင်လာသည့် ဝါးများကို ဝါးအဆင့်မြင့် ကုန်ချောများ ထုတ်လုပ်နိုင်စေရန်အတွက် နည်းပညာလေ့လာပြီး ကြိုးစားဆောင်ရွက်လျက်ရှိရာ၊ အမြဲတမ်းလုပ်သားကိုးဦးဖြင့် ဝါးများကို ပေါင်းတင်ခြင်း၊ ပိုးသတ်ခြင်းနှင့် ဝါးအဆင့်မြင့် ထုတ်ကုန်များဖြစ်သည့် ဝါးဆက်တီ၊ ဝါးဒါန်းလေးစင်၊ နှစ်ဖက်ထိုင် ဝါးနားနေဆောင်ငယ်၊ ဝါး နှင့် ပြုလုပ်သည့် Dream bed အစရှိသည့် ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိသည့်အပြင် မိမိတို့ကြိုက် နှစ်သက်ရာ ပုံစံများကိုလည်း မှာယူနိုင်ကြောင်း သိရသည်။
ရွှေနဒီကျောင်းဆရာတော် ဘဒ္ဒန္တယုဇန အနေဖြင့် တစ်နိုင်ငံလုံးတွင် ပေါက်ရောက်သည့် ဝါးမျိုးများကို တစ်နေရာတည်းတွင် ကြည့်ရှုလေ့လာနိုင်စေရန်အတွက် ခြောက်ဧက အကျယ်အဝန်းရှိသည့် ဝါးဥယာဉ်တစ်ခုကိုလည်း အဆိုပါကျောင်းအနီးမှာပင် ၂၀၁၉ ခုနှစ်မှစတင် အကောက်အထည် ဖော်လျက်ရှိကြောင်း သိရပြီး ယခုအထိ ဝါးအမျိုးအစား ၁၀ မျိုးခန့် စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


