ရန်ကုန် ၁၁ အောက်တိုဘာ
မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများတွင် ဆောင်းခိုငှက်များအတွက် လုံလောက်သော အစာရေစာများကို ထောက်ပံပေးစွမ်းနိုင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ပျက်စီးယိုယွင်းမှု နည်းပါးခြင်းတို့ကြောင့် ဆောင်းရာသီကာလတွင် ဆောင်းခိုငှက် အများအပြား နှစ်စဉ်ရောက်ရှိလာကြသဖြင့် ငှက်မျိုးစိတ်များ ပျောက်ပျက်မှုမရှိစေရေး ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း (BANCA) မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ သီရိဒေဝီအောင် က ပြောသည်။
ဆောင်းခိုငှက်များသည် ၎င်းတို့သားပေါက် နေထိုင်ကျက်စားရာ ကမ္ဘာ့မြောက်ခြမ်း အအေးပိုင်းဒေသတွင် ဆောင်းရာသီ၏ တိုတောင်းလွန်သော နေ့တာ၊ အေးခဲ၍ပြင်းထန်သောရာသီဥတု၊ အစာရေစာ အခက်အခဲများကို ရှောင်ရှားရန်၊ မျိုးဆက်တည်တံ့ရန်၊ အသက်ဆက် ရှင်သန်နိုင်စေရန် ပူနွေးသော ကမ္ဘာ့တောင်ဘက်ခြမ်းဒေသများသို့ ခေတ္တပြောင်းရွှေ့ ဆောင်းခိုကြရခြင်းဖြစ်ကြောင်းနှင့် ထိုသို့ကမ္ဘာအနှံ့မှ ရွှေ့ပြောင်းဆောင်းခိုရန် ပျံသန်းရာလမ်းကြောင်း ကိုးခုရှိပြီး ပျံသန်းရာ လမ်းကြောင်းတစ်လျောက် မြစ်များ၊ တောင်များ၊ တောင်တန်းနှင့် ပင်လယ်များ အစရှိသည်တို့ကို မှတ်သားကာ အလိုရှိရာနေရာသို့အရောက် ခရီးမိုင်ပေါင်း ထောင်၊ သောင်းချီ၍ ဖြတ်ကျော်ပျံသန်းကြရသည် ဟုသိရသည်။
မြန်မာနိုင်ငံသို့ ပျံသန်းလာကြသော ဆောင်းခိုငှက်များသည် ပျံသန်းရာလမ်းကြောင်း ကိုးခုအနက် East Asian Australasian Flyway လမ်းကြောင်းနှင့် Central Asian Flyway လမ်းကြောင်းတို့ကို အသုံးပြုလေ့ရှိကြပြီး စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ရောက်ရှိ၍ ကုန်းငှက်များမှာ မြန်မာနိုင်ငံ အနှံအပြားနှင့် ရေငှက်များသည် မြန်မာနိုင်ငံ၏ ရေချိုရေဝပ်ဒေသများအပြင် ပင်လယ်ကမ်းခြေများတွင် ကောင်ရေသိန်းဂဏန်းခန့် လာရောက်ဆောင်းခို ကျက်စားလေ့ရှိကြောင်း ငှက်စာရင်းကောက် သုတေသနပြုသူများထံမှ သိရသည်။
မြန်မာနိုင်ငံ၏ ဆောင်းခိုငှက်များ အဓိကကျက်စားရာနေရာများမှာ အင်းတော်ကြီးကန်၊ အင်းလေးကန်၊ ပလိပ်အင်း၊ ပြူကန်၊ မိုးယွန်းကြီးအင်း၊ မုတ္တမပင်လယ်ကွေ့၊ နံ့သာကျွန်း၊ မိန်းမလှကျွန်းနှင့် တနသာရီကမ်းရိုးတန်း ဒေသများဖြစ်သည်။ အဆိုပါဒေသများတွင် ကျက်စားကြပြီး မေလတွင် လာရာလမ်းဖြစ်သော ကမ္ဘာ့မြောက်ခြမ်းဒေသများသို့ သားပေါက်ရန် ခရီးဝေးပျံသန်းကြကြောင်း သိရှိရသည်။
နှစ်စဉ်လာရောက်ဆောင်းခိုသော ငှက်မျိုးစိတ်များ ကျက်စားရာနေရာကို နိုင်ငံတကာ အရေးကြီးရေဝပ်ဒေသ Ramsar Site အဖြစ် သတ်မှတ်ကာ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်ပေါင်း ၁၁၃၆ ရှိပြီး ဆောင်းခိုကျက်စားသောငှက်မျိုးစိတ် ၃၀၀ ပါဝင်ကာ အဆိုပါဆောင်းခိုငှက်များထဲ၌ ရေငှက်မျိုးစိတ် ၁၃၀ ခန့် ရှိခဲ့ကြောင်း မှတ်တမ်းများအရသိရှိရသည်။
မြန်မာနိုင်ငံတွင် အလှမွေးငှက်အဖြစ် မွေးမြူခြင်း၊ အရှင်ဖမ်းဆီးရောင်းချခြင်းနှင့် သတ်ဖြတ်ရောင်းချခြင်းများကြောင့် ရှားပါးလာကြောင်းနှင့် နေထိုင်ကျက်စားရာ နယ်မြေများ လျော့နည်းလာခြင်း၊ ရေဝပ်ဒေသများ၊ တိမ်ကောပျက်စီးခြင်းများကြောင့် ဆောင်းခိုငှက်မျိုးစိတ် ပျောက်ကွယ်မှာကို စိုးရိမ်နေရကြောင်း အမှုဆောင်ဒါရိုက်တာ ဒေါက်တာ သီရိဒေဝီအောင်က ရှင်းပြသည်။
ယခုအခါ အရေးကြီးရေဝပ်ဒေသနှင့် အခြားကုန်းတွင်းဒေသ အနှံ့အပြားသို့ ဆောင်းခိုငှက်များ စတင်ဝင်ရောက်နေပြီဖြစ်ရာ ဒေသခံပြည်သူများအနေဖြင့် အဆိုပါဆောင်းခိုငှက်များကို ဖမ်းဆီးသတ်ဖြတ် ရောင်းဝယ်ခြင်းများ မပြုလုပ်ရန်လိုအပ်ကြောင်းနှင့် ယခုနှစ် ဆောင်းခိုငှက်များ ရွှေ့ပြောင်းကျက်စားသည့် ရာသီတွင် စစ်တမ်းကောက်ယူမှုကို ကိုဗစ် - ၁၉ ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအား သက်ဆိုင်ရာက ဖြေလျှော့မှုအပေါ်မူတည်ကာ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
သတင်းနှင့်ဓာတ်ပုံ - ပိန်းဇလုပ်-သိန်းညွန့်


