မြဝတီ ၁၁ အောက်တိုဘာ
အောက်တိုဘာ ၁၁ ရက် (ယနေ့)မှစတင်ပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့သွားရောက်သော ကုန်တင်ယာဉ်များ မဲဆောက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) Border Control Facility (BCF Zone) အတွင်းမှာသာ ကုန်ပစ္စည်းများ အချိန်းအပြောင်း ပြုလုပ်ရမည်ဖြစ်ပြီး အလားတူ ထိုင်းနိုင်ငံမှဝင်ရောက်လာသည့် ကုန်တင်ယာဉ် များအနေဖြင့်လည်း မြဝတီ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) Border Control Facility (BCF Zone) အတွင်းထိသာ ဝင်ခွင့်ပြုကာ ကုန်ပစ္စည်းအတင်အချ ပြုလုပ်ရမည်ဖြစ်ကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံမှ သိရသည်။
ယခုလိုဆုံးဖြတ်ချက်ကို နှစ်နိုင်ငံတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြပြီး ကုန်တင်ယာဉ်များအနေဖြင့် ယာဉ်မောင်း တစ်ဦးသာ ကုန်ပစ္စည်းပို့ဆောင်သွားရန်၊ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ကုန်တင်ယာဉ်မောင်းများအနေဖြင့် သွားလာချိန် (၇)နာရီသာ သတ်မှတ်မည်ဖြစ်ပြီး (၇)နာရီထက်ကျော်လွန်ပါက Quarantine ဝင်ရမည်ဖြစ်ကြောင်း၊ ကုန်တင်ယာဉ်များကို နံနက် ၆ နာရီမှ ည ၆ နာရီအထိ ကုန်သွယ်ခွင့်ပေးထားမည်ဖြစ်ကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။
အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားသို့ ဖြတ်သန်းကာ ကုန်သွယ်ပို့ဆောင် လျက်ရှိသည့် ယာဉ်မောင်းများအား ကျန်းမာရေးစစ်ဆေးချက်အရ COVID-19 သံသယလူနာ ၃ ဦးတွေ့ရှိခဲ့ပြီး အတည်ပြုချက်ရယူရန် SWAB Sample များကို NHL သို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်းနှင့် သံသယလူနာများနှင့် ထိတွေ့သူများကိုလည်း Quarantine ထားရှိကြောင်း သိရသည်။
#MRTV


