အောက်တိုဘာ ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော ပြည်တွင်း/ပြည်ပ ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များအနေဖြင့် မုတ်သုန်ရာသီအတွင်း ရာသီဥတု ဆိုးရွားချိန်များတွင် လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန် သတ်မှတ်ထားသည့် တည်နေရာများ၌ ရာသီဥတု ခိုလှုံနိုင်ပါကြောင်းကို  ၂၆-၃-၂၀၂၀ ရက်စွဲပါ ညွှန်ကြားချက်အမှတ်-၂/၂၀၂၀ ဖြင့် ထုတ်ပြန်ပေးထားပြီး ဖြစ်ပါသည်။ ယနေ့ညနေ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ညနေ ၁၅:၃၀ နာရီအချိန်တွင် တိုင်းထွာချက်များအရ  ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် နောက် ၂၄ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် Deep Depression အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားကာ အောက်တိုဘာ ၁၂ ရက်တွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။

သို့ပါ၍ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ် ကင်းဝေးစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားသော  ရာသီဉတုဆိုးဝါးချိန်များတွင် ခိုလှုံခွင့်ပြုသည့် နေရာများတွင် ခိုလှုံသွားပါရန်နှင့် ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ငါးလုပ်ငန်းဦးစီးဌာန
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန