မန္တလေး  ၁၂  အောက်တိုဘာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးစင်တာ (ဖောင်ကြီး)တွင် ပိုးတွေ့လူနာများ ကုသရေးလုပ်ငန်းများတွင် အားဖြည့်ကူညီဆောင်ရွက် သွားရောက်ကြမည့် မန္တလေးမြို့ရှိ ဆေးပညာအထူးကု ဆရာဝန်များနှင့် မေ့ဆေးအထူးကု ဆရာဝန်များအား ဂုဏ်ပြုပွဲနှင့် ချီးမြှင့်ငွေပေးအပ်ပွဲကို အောက်တိုဘာ ၁၂ ရက် နံနက် ၈ နာရီက ဆေးတက္ကသိုလ် (မန္တလေး)တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်အားပေးပြီး ဂုဏ်ပြုအမှာစကား ပြောကြားကာ ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

 

အဆိုပါအဖွဲ့တွင် ဆေးတက္ကသိုလ်(မန္တလေး) မေ့ဆေးပညာဌာန၊ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးနှင့် ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးတို့တွင် တာဝန်ထမ်းဆောင်နေသော ဆေးပညာ အထူးကု ဆရာဝန် ၁၆ ဦး၊ မေ့ဆေးအထူးကု ဆရာဝန် ၁၂ ဦး စုစုပေါင်း အထူးကု ဆရာဝန် ၂၈ ဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာ အထူးကြပ်မတ်ဆောင်တွင် တစ်လတာ တာဝန်ထမ်းဆောင် သွားကြမည်ဖြစ်သည်။

 

အလားတူ အထက်မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းမှ ဦးဆောင်၍ မြို့တော်ဆေးရုံ၊ ညိမ်းဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ အာရောဂျံဆေးရုံ၊ ပန်းလှိုင်ဆေးရုံ၊ မန္တလာဆေးရုံ၊ Grand Mandalay ဆေးရုံနှင့် မြတ်တော်ဝင် ဆေးရုံတို့မှ ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေး ဝန်ထမ်းများသည် အောက်တိုဘာ ၂ ရက်က ရန်ကုန်မြို့သို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။      

မောင်ပြည်သူ(မန္တလေး)