ရန်ကုန်  ၁၂   အောက်တိုဘာ

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် မြို့ပြအင်ဂျင်နီယာလုပ်ငန်းအမည်ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ မြို့ပတ်ရထားလမ်းပိုင်း အချက်အချာကျရာ နေရာငါးနေရာ၌ အချက်ပြနှင့် လမ်းလွှဲထိန်းချုပ်ရေး မျှော်စင် အဆောက်အဦ ငါးခုကို တည်ဆောက်မှုပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရာတွင် ရထားလမ်းတာပေါင်များ၊ ရေဆင်းမြောင်းများ၊ ရထားလမ်းကူးများ၊ ဘူတာပလက်ဖောင်းများနှင့် သံလမ်းများကို ဂျပန်နိုင်ငံမှချေးငွေ အမေရိကန်ဒေါ်လာ (၂၀၇) သန်းဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းအား အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ရာ အဆိုပါမြို့ပတ်ရထားလမ်းပိုင်းတွင် အချက်ပြနှင့် လမ်းလွှဲထိန်းချုပ်ရေး မျှော်စင်များကို  မင်္ဂလာဒုံဘူတာ၊ ပုရွက်ဆိတ်ကုန်းဘူတာ၊ တညင်းကုန်းဘူတာ(ပုံ)၊ အင်းစိန်ဘူတာနှင့် ကြည့်မြင်တိုင် ဘူတာတို့တွင် မျှော်စင်အဆောက်အဦများ တည်ဆောက်မှု ပြီးစီးလျက်ရှိပြီး ထိန်းချုပ်ရေး ပစ္စည်းများကို ဆက်လက်တပ်ဆင်လျက်ရှိသည်။   

 

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို ၁၉၅၉ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး လမ်းပိုင်းနှင့်အချက်ပြစနစ်များ အားနည်းလာမှုကြောင့် ပို့ဆောင်ရေးကဏ္ဍတွင် အခက်အခဲများ ကြံတေွ့ခဲ့ရကာ ခေတ်စနစ်နှင့်အညီ ရထားလမ်းပိုင်းများကို အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။ “ရန်ကုန်မြို့ပတ် လမ်းပိုင်းက နှစ်ပေါင်း ၆၀ ကျော်ပြီဆိုတော့ ခေတ်စနစ်နဲ့အညီ အဆင့်မြင့်ခရီးသွားလာနိုင်အောင် မြန်မာ့မီးရထားအနေနဲ့ ဆောင်ရွက်တာပါ။ နိုင်ငံတော်ရဲ့စွမ်းဆောင်မှုဆိုရင်လည်း မမှားပါဘူး။ မြို့ပတ်ရထားလမ်းပိုင်းမှာ အချက်ပြနဲ့ လမ်းလွှဲထိန်းချုပ်ရေးမျှော်စင် ၅ ခု တည်ဆောက်ရေးအပိုင်း ပြီးသွားပါပြီ။ ဂျပန်နည်းပညာနဲ့ ဆောင်ရွက်တာပါ” ဟု  မြန်မာ့မီးရထား အမှတ် ၇ တိုင်း(ရန်ကုန်)မှ လက်ထောက်မန်နေဂျာ ဦးကျော်မျိုးလွင်က ပြောသည်။

 

မြို့ပတ်ရထားလမ်းပိုင်း တစ်လျှောက်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းမှစ၍ အချက်ပြစနစ်အတွက် ကေဗယ်ကြိုးများနှင့် ပါဝါလိုင်းများ တပ်ဆင်နိုင်ရန် ဆောင်ရွက်ခဲ့ပြီး အဆိုပါမျှော်စင် ၅ ခုအား ၂၀၂၁- ခုနှစ်တွင် အသုံးပြုနိုင်ရန် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အချက်ပြစနစ်နှင့် လမ်းလွှဲထိန်းချုပ်ရေး မျှော်စင်များမှ ရထားအဝင်/အထွက်အား အချက်ပြစနစ်ဖြင့် ထိန်းချုပ်၍ ဘူတာရပ်ဝန်း ဧရိယာအတွင်း၌ ရထားများ ရေှာင်တိမ်းရာ၌ လမ်းလွှဲစနစ်ဖြင့် ထိန်းချုပ်ဆောင်ရွက်မှုဖြင့် ရထား၊ လူနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားနိုင်စေရန် ရန်ကုန်မြို့ပတ် လမ်းပိုင်းများ၌ မျှော်စင်ငါးကို တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

သန်းထိုက်

ဓာတ်ပုံ-သစ္စာ