အင်းတော် ၁၂   အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများအား အင်းတော်မြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသို့ အသီးသီး ဖြန့်ဝေပေးပို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အင်းတော်မြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပေါင်း (၉၄၂၁၀) ဦးရှိပြီး မဲရုံပေါင်း (၈၄) ရုံ လျာထားဆောင်ရွက်ထားရှိကြောင်း၊ ရွေးချယ်ခံကိုယ်စားလှယ်လောင်းများ အနေဖြင့် ပြည်သူ့လွှတ်တော်တွင် (၅) ဦး၊ အမျိုးသားလွှတ်တော်တွင် (၄) ဦး၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်မြေတွင် (၅) ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် အမှတ် (၂) မဲဆန္ဒနယ်မြေတွင် (၇) ဦး ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ မဲဆန္ဒရှင်များကို ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာထားရှိရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းများကို သွားရောက်ကြည့်ရှုပြီး၊ ပြင်ဆင် ဖြည့်စွက်ကန့်ကွက်လိုသည့် အချက်များရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ ထံတွင် ဆက်သွယ်ဆောင်ရွက် နိုင်ပါကြောင်းနှင့် မဲစာရင်းများကို သွားရောက်မကြည့်ရှုနိုင်ပါက အွန်လိုင်းစနစ်ဖြင့်လည်း မဲစာရင်းများကို ကြည့်ရှုစစ်ဆေးနိုင်ပါကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေပါက မိမိရောက်ရှိနေသည့် ဒေသရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများထံတွင် ပုံစံ ၃ (က) တောင်းယူ၍ ရောက်ရှိနေသည့် နေရာတွင် ဆန္ဒမဲပေးနိုင်ကြောင်း၊ အသက်အရွယ်ကြီးရင့်သူများအနေဖြင့် မဲရုံသို့ သွားရောက်၍ ဆန္ဒမဲမပေးနိုင်ပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများထံသို့ စာရင်းပေးပို့၍ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဘုန်းမြင့်က ပြောပြခဲ့သည်။

 

အင်းတော်မြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေဖြင့် မဲရုံများတွင် အသုံးပြုမည့် မဲပုံးများ၊ ဆန္ဒပြုခန်းများ၊ ပလပ်စတစ်ခြင်းများ၊ လုံခြုံရေးကြိုးများ၊ ဆန္ဒမဲလက်မှတ်များ သိမ်းဆည်းရန် အိတ်များ၊ မဲရုံတွင် အသုံးပြုရန် စာရေးကိရိယာပစ္စည်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများထံသို့ သတ်မှတ်ချိန်အတွင်း ရောက်ရှိပေးပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကျော်သီဟ