ဆင်ပေါင်ဝဲ ၁၂ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပထမဆုံးပိုးတွေ့ရှိခဲ့သော ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ (၂)ဦးကို ယနေ့နံနက် ၁၀ နာရီက ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မွန်စိုးရီထံမှ သိရသည်။
အဆိုပါပိုးတွေ့လူနာ (၂)ဦးမှာ ရန်ကုန်မြို့မှ သာစည်ကျေးရွာသို့ စက်တင်ဘာ ၂၁ ရက်နေ့မှ ပြန်လည် ရောက်ရှိလာကာ အထက-ခွဲကျောင်း၌ Facility Quarantine ဝင်ရောက်ခဲ့သူနှင့် ထိုင်းနိုင်ငံမှ လယ်ကြီးကိုင်းကျေးရွာသို့ စက်တင်ဘာ ၂၅ ရက်နေ့မှ ပြန်လည်ရောက်ရှိခဲ့ပြီး ဆင်ပေါင်ဝဲမြို့ မဟာစည်ကျောင်း၌ Facility Quarantine ဝင်ရောက်သူများဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်နေ့တွင် ဓာတ်ခွဲနမူနာယူ စစ်ဆေးခဲ့ရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် ဆေးကုသမှုခံယူခဲ့ရာ ကျန်းမာရေး ကောင်းမွန်ပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာမတွေ့ရဘဲ သတ်မှတ်ရက်ပြည့်မြောက်တာကြောင့် ဆေးရုံဆင်းခွင့် လက်မှတ်ထုတ်ပေးခဲ့ပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ မော်တော်ယာဉ်များဖြင့် နေအိမ်အရောက် ပေးပို့ခဲ့ပြီး Home Quarantine (၇)ရက် ဆက်လက်နေထိုင် သွားရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
အိဖြူဖြူမောင်(ပြန်/ဆက်)


