ကျောက်မဲ  ၁၂  အောက်တိုဘာ

       

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် အခြားဒေသမှ လာသည့် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်း ၁၃၀  ကျော် ကို အောက်တိုဘာ ၁၀ ရက်နေ့က  ဓါတ်ခွဲနမူနာပြီး ကိုဗစ်-၁၉ ပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ အမှတ် ၄ အခြေခံပညာ အထက်တန်းကျောင်းတွင် အသွားအလာကန့်သတ်ထားရှိသည့် ပညာရေးဝန်ထမ်းတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။

       

ရွေးကောက်ပွဲတွင် ကျောက်မဲမြို့နယ်၌  တာဝန်ထမ်းဆောင်မည့် အခြားနယ်မှ (ရောဂါအဖြစ်များသည့် ဒေသ) လာသည့်ပညာ‌ရေး ဝန်ထမ်းများကို အမှတ် ၁ နှင့်အမှတ် ၄ အခြေခံပညာ အထက်တန်း ကျောင်းများတွင် အသွားအလာ ကန့်သတ်ထားရှိပြီး ဓါတ်ခွဲနမူနာ များ ရယူကာ ကိုဗစ်-၁၉ ပိုးရှိ/မရှိ စစ်ဆေးပေးရာမှ ပညာရေးဝန်ထမ်းတစ်ဦးတွင် ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆရာမသည်  ရန်ကုန် ဘက်လာသည့်သူဖြစ်ပြီး ၎င်းအားကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးရှိ Isolation Ward တွင် ပို့ဆောင် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

      

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ကျောက်မဲမြို့နယ်၌ လျာထားမဲရုံ ၁၁၁ ရုံရှိပြီး ယင်းမဲရုံများတွင် တာဝန်ထမ်းဆောင်ရမည့် ပညာရေးဝန်ထမ်း စုစုပေါင်း ၁၁၃၅ ဦး လျာထားကြောင်း သိရသည်။

     

ကျောက်မဲမြို့နယ်အတွင်း မဲရုံတာဝန်ထမ်းဆောင်ရန်  ကိုဗစ်-၁၉ ရောဂါအဖြစ်များသည့် ဒေသမှ  ရောက်ရှိလာသည့် ပညာရေးဝန်ထမ်းများကို သတ်မှတ်နေရာများတွင် စနစ်တကျအသွားအလာ ကန့်သတ် ထားရှိစောင့်ကြည့်ထားကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)