ချောက် ၁၂ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရန်နှင့် ကျေးရွာလုံးကျွတ် လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး ဘဏ္ဍာရေးနှစ် အလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ချောက်မြို့နယ်အတွင်း ကျေးရွာ (၁၄၆) ရွာတွင် ယခု ကျေးရွာ(၇)ရွာ အပါအ၀င် ကျေးရွာ (၇၀) ရွာ လျှပ်စစ်မီးလင်းနေပြီ ဖြစ်ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး ဘတ်ဂျက်ငွေဖြင့် မီးလင်းခဲ့သည့် ကျေးရွာ(၇)ရွာမှာ ဂွေးပင်ကြီး၊ ဂွေးပင်လေး၊ ဖက်သန်းတော၊ ညောင်ကျပ်ပင်၊ ကျပ်ကန်ရွာသစ်၊ ညောင်ပင်စမ်း၊ ဂွေးချိုကျေးရွာ တို့ဖြစ်သည်။ ထိုကျေးရွာများသို့ 11 KVA လိုင်း ၆ မိုင်သွယ်တန်းခြင်းနှင့် 100 KVA၊ 200 KVA ထရန်စဖော်မာ ၇ လုံး တည်ဆောက်ပြီးစီးပြီး အိမ်ထောင်စု ၇၀၀ စုခန့် လျှပ်စစ်ဓာတ်အား ရရှိခဲ့ကြောင်း၊ ယခင်လများကလည်း NEP စီမံကိန်းဖြင့် ကျေးရွာ (၁၅ )ရွာအိမ်ထောင်စု(၁၃၀၀) စုခန့် လျှပ်စစ်ဓာတ်အားရရှိခဲ့ပြီး 11 KVA လိုင်း (၇) မိုင် သွယ်တန်းခြင်းနှင့် 100 KVA ၊ 200 KVA ထရန်စဖော်မာ (၁၇) လုံး တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်ရာ ယခုဆိုရင် ကျေးရွာ(၂၂)ရွာ လျှပ်စစ်ဓာတ်အား ရရှိနေပြီဖြစ်ကြောင်း၊ ၂၀၂၀ပြည့်နှစ်အတွင်း တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ကျေးရွာ(၁၅)ရွာ၊ NEP စီမံကိန်းမှ ကျေးရွာ(၁၅)ရွာ စုစုပေါင်း ကျေးရွာ(၃၀)ရွာကိုလည်း ချောက်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးထက်အောင်နိုင် ပြောကြားချက်အရ သိရသည်။
ကျော်မိုး(ပြန်/ဆက်)


