နေပြည်တော်   ၁၂   အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(WSAP) ရန်ပုံငွေဖြင့် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာ၌ စိုက်ပျိုး မြေဧက ၆၀၀ ကျော် အကျိုးပြုနိုင်မည့် ကျေးလက်ကုန်ထုတ်လမ်းသုံးလမ်းကို ဇွန်လမှ စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးမှုရန်ပုံငွေအဖွဲ့(IFAD)တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း(WSAP) ခွင့်ပြုရန်ပုံငွေကျပ် ၈၁ ဒသမ ၀၆ သန်းဖြင့် ပေါက်မြို့နယ်အတွင်းရှိ ထန်းတောကုန်းကျေးရွာ ကုန်ထုတ်လမ်း အရှည် ၂ ဒသမ ၃၅ ဖာလုံ ၊ ငမို့ကြီးကျေးရွာ ကုန်ထုတ်လမ်း အရှည် ၄ ဒသမ ၆၅ ဖာလုံ၊ ငမို့လေးကျေးရွာ ကုန်ထုတ်လမ်း အရှည် ၄ ဒသမ ၄၆ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ တစ်ပေခြောက်လက်မထု၊ မြေနီကျောက်စရစ်ကိုးလက်မထုခင်းခြင်းနှင့် မြေထိန်းနံရံ ပေ ၁၀၅၀ တည်ဆောက်ခြင်း၊ အရှည်ပေ ၃၀ ၊ အကျယ် ၁၈ ပေရှိ ရေကျော်တစ်စင်းတည်ဆောက်ခြင်း၊ Salb Culvert ၊ Box Culvert (၁၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို တင်ဒါအောင်မြင်သည့် ငွေကြာရံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ပေါက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့် ထံမှ သိရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်၊ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ)ဦး‌အောင်ကြီးနှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက ထန်းတောကုန်းကျေးရွာ၊ ငမို့ကြီး ကျေးရွာနှင့် ငမို့လေး‌ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

 

အဆိုပါ ထန်းတောကုန်းကျေးရွာ၊ ငမို့ကြီးကျေးရွာနှင့် ငမို့လေးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်နိုင်မှုကြောင့် အကျိုးပြု ကျေးရွာလေးရွာ၊ အိမ်ခြေ(၁၃၈၄)၊ လူဦးရေ (၆၄၂၆)ဦးတို့၏ စိုက်ပျိုးမြေဧက ၆၄၇ ဧကကို အကျိုးပြုနိုင်မည်ဖြစ်ပြီး အဆိုပါစိုက်ပျိုး မြေများမှ ထွက်ရှိသော လယ်ယာထုတ်ကုန်၊ ထွက်ကုန် တွေကို ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဂျိုင်းလော(သတင်းစဉ်)