မန္တလေး  ၁၂ အောက်တိုဘာ

 

တရားမဝင်သတ်ဖြတ်ရောင်းချတဲ့ ဝက်နှင့် ဆိတ်သား ငွေကျပ်သုံးသိန်းကျော်ဖိုး ဖမ်းဆီးရမိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

အောက်တိုဘာ ၁၀ ရက်က ဝက်သား ၈၄ ဒသမ ၉၅ ပိဿာနှင့် ဆိတ်သား နှစ်ပိဿာ စုစုပေါင်း ၈၆  ဒသမ ၉၅ ပိဿာ ကာလတန်ဖိုး ကျပ်သုံးသိန်းခုနစ်သောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

"တိရစ္ဆာန်များကို တရားမဝင် သတ်ဖြတ်ပြီး မှောင်ခိုရောင်းချနေသူတွေကို မြို့တော်စည်ပင်က အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။ အောက်တိုဘာ ၁၀ ရက်က ကာလတန်ဖိုး ကျပ်သုံးသိန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါတယ်" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

မန္တလေးမြို့တော် စည်ပင်ဈေးနှင့် သားသတ်ဌာန၊ သားသတ်ဌာနခွဲမှ ဌာနခွဲမှူးဒေါ်ဥမ္မာလွင် ဦးစီး၍ လိုင်စင်မဲ့အသား ဖမ်းဆီးရေးအဖွဲ့နှင့် စည်ပင်သာယာရဲတပ်ဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၀ ရက်က ၄၁ လမ်း ကုန်စိမ်းတန်းညဈေး၊  ၁၀၃ လမ်း / ၆၃ လမ်းနှင့် ၆၄ လမ်းကြား ၊ ၁၃၃ လမ်း / ၅၅ လမ်းနှင့် ၅၆ လမ်းကြား၊ ချမ်းအေးရတနာဈေးတို့မှ လိုင်စင်မဲ့အသားများအား စစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မေသက်ထား