ထန်းတပင် ၁၂ အောက်တိုဘာ
ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများ၏ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ပြည်သူမှပြည်သူထံသို့ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများ ပြန်လည်မျှဝေ လှူဒါန်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဆတ်ကလေးကျေးရွာအုပ်စု၊ ဆတ်ကလေးကျေးရွာတွင် ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူမှပြည်သူထံသို့ ပြန်လည်မျှဝေ လှူဒါန်းပေးခြင်း အစီအစဉ်ကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းမှ ဦးဆောင်၍ အလှူရှင်များဖြင့် ကျေးရွာအုပ်စုအတွင်းရှိ အခြေခံအိမ်ထောင်စု ၁၀၄ စု အတွက် အခြေခံ စားသောက်ကုန်ပစ္စည်းငါးမျိုးကို ပြန်လည်မျှဝေ လှူဒါန်းပေးခဲ့ကြခြင်းဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းနှင့် မိသားစုတို့မှ ပေါ်ဆန်းဆန် ၂၃ အိတ်၊ ဦးခင်ရွှေမိသားစုတို့မှ ဆီ ၅၂ ပိဿာ၊ ဦးသန်းစိန်မိသားစုတို့မှ ကြက်သွန်နီ ၅၂ ပိဿာ၊ ဦးခင်ထွန်းမိသားစုတို့မှ ဘဲဥအလုံးရေ ၅၂၀၊ ဒေါ်ခင်စန်းမိသားစုတို့မှ အိုင်အိုဒင်းဆား ၁၀၄ ထုတ်တို့ကို ထည့်ဝင်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များ ပြန်လည်မျှဝေ လှူဒါန်းပေးရာတွင် ကျေးရွာအတွင်းရှိ အခြေခံအိမ်ထောင်စု ၁၀၄ စုတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန် ငါးပြည်၊ ဆီငါးဆယ်ကျပ်သား၊ ဘဲဥငါးလုံး၊ ကြက်သွန်နီ ၅၀ ကျပ်သားနှင့် အိုင်အိုဒင်းဆား တစ်ထုပ်စီတို့ကို ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


