မော်လမြိုင် ၁၂ အောက်တိုဘာ
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်လူနာများ ထားရှိကုသရန် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းဝန်းရှိ ယာယီဆေးရုံ Isolation Ward-3 ဆောက်လုပ်ထားရှိမှုအား ယမန်နေ့ မွန်းလွဲပိုင်း၌ မွန်ပြည်နယ် လူမှုရေးဝန်ကြီး သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့်အတူ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်၊ ဒေါက်တာဝတ်မှုံ၊ ကိုဗစ် - ၁၉ Clinical Management Committee အဖွဲ့မှ တာဝန်ရှိသူများ ပါဝင်ကြပြီး လိုအပ်ချက်များအား အကြံပြုခဲ့ကြသည်။
အဆိုပါ ယာယီဆေးရုံ Isolation Ward-3 သည် ကျော်ကြားဆောက်လုပ်ရေးပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ လှူဒါန်းထားပြီး စက်တင်ဘာ ၂၅ ရက်နေ့ကစတင်၍ အလျား ပေ ၃၂၀၊ အနံ ပေ ၈၀ ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ICU အခန်း၊ PPE အဝတ်လဲခန်း၊ ရေချိုးခန်း၊ အိမ်သာများ ပါရှိကာ လူနာ ၃၀၀ ခန့်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
စမ်းစမ်းနွယ်


