ဝန်းသို ၁၂ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ အုပ်ဖိုကျေးရွာတွင် တောင်သူဦးကြီးများ ဓာတုပိုးသတ်ဆေးများကို လျော့ချ သုံးစွဲနိုင်စေရန်နှင့် ဓာတ်မြေဩဇာလျော့ချသုံးစွဲနိုင်စေရန် ရည်ရွယ်၍ သဘာဝပိုးသတ်ဆေးနှင့် စူပါဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်းကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးကျော်ဦးနှင့် ဝန်ထမ်းများက လက်တွေ့ပြုလုပ်ပြသပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် အီးအမ်အပြင်း (၁)ဆ၊ တင်လဲရည် (၁)ဆ၊ ရှာလကာရည် (၁)ဆ၊ အရက်ဦးရည် (၁)ဆ၊ ရေ(၆)ဆဖြင့် ပြုလုပ်သော အီးအမ်(၅) သဘာဝပိုးသတ်ဆေး(သို့) ပိုးပြေးဆေးကိုလည်းကောင်း၊ နွားချေး ၄ တင်း၊ စပါးခွံ ၂ တင်း၊ ဖွဲပြာ ၂ တင်း၊ ဖွဲနု ၂ တင်း၊ တင်လဲရည် ၁၅၀ စီစီ၊ အီးအမ်အပြင်း ၁၅၀ စီစီ၊ ရေ ၄ ဂါလံနှင့် ပဲဖတ်မုန့် ၂ ပိဿာ စသည်တို့ဖြင့်ပေါင်းစပ်၍ စူပါဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်းတို့ကို လက်တွေ့ပြသခဲ့ရာ စိန်လည်၊ ရှမ်းစု၊ သရက်အိုက်၊ အုပ်ဖိုကျေးရွာများမှ စိတ်ပါဝင်စားသော တောင်သူများမှ လက်တွေ့ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
“သဘာဝပိုးသတ်ဆေးကို ပြုလုပ်ပြီး ၅ ရက်နှင့် ၇ ရက်ပြည့်လျှင် သီးနှံစိုက်ခင်းများတွင် သုံးစွဲနိုင်ပြီး ပိုးမကျခင် ၁၅ ရက်လျှင်တစ်ကြိမ် ပုံမှန်ဖျန်းပေးခြင်းဖြင့် ပိုးမွှားအန္တရာယ်ကင်းဝေးပြီး ဓာတုပိုးသတ်ဆေးများကို သုံးထားသည့် စိုက်ခင်းများတွင် သဘာဝပိုးသတ်ဆေးကို သုံးစွဲခြင်းအားဖြင့် ဓာတုဓာတ်ကြွင်းများ မကျန်ရှိတော့ခြင်း၊ ထူးခြားချက် ကတော့ သီးနှံ၏အရည်အသွေးကို တိုးတက်စေပါတယ်”ဟု ဒုတိယဦးစီးမှူး ဦးစိုးကျော်ဦးက ပြောသည်။
စူပါဘိုကာရှီမြေဆွေးပြုလုပ်ပြီး ၅ ရက်ပြည့်လျှင် သီးနှံစိုက်ခင်းအတွင်း ထွန်ယက်ချိန်တွင်လည်းကောင်း၊ စိုက်နေချိန် တွင်လည်းကောင်း အသုံးပြုနိုင်ကြောင်း၊ အီးအမ်ဘိုကာရှီကတော့ ၂ လကြာမှ အသုံးပြုလို့ရသည့်အတွက် ကုန်ကျစရိတ် နည်းနည်းများပေမယ့် စူပါဘိုကာရှီကို တောင်သူများက ပိုမိုပြုလုပ်သုံးစွဲကြကြောင်း ၎င်းက ဆက်ပြောသည်။
ဝန်းသိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ဧက ၃၈၉၈၉ ဧကစိုက်ပျိုးထားရှိပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးသန့်မျိုးစေ့ထုတ်ကွက် ၂၅၀ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


