စစ်တွေ ၁၂ အောက်တိုဘာ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် စစ်တွေမြို့ လမ်းသစ်ရပ်ကွက်၊ အမ္ဗာရာမသာသနာ့နွယ်ဝင် သီလရှင် ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ဆန်နှင့် လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်းသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ္ဗာရာမသာသနာ့နွယ်ဝင် သီလရှင် ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက၊ စူဠအာဘိဓမ္မိကမဇ္ဈိမအာဘိဓမ္မိက၊ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ၊ ဒေါ်အဂ္ဂစာရီအား ဖူးမျှော်ပြီး ဆွမ်းနှင့်ကျန်းမာရေး အခြေအနေများကို လျောက်ထားသည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် သီလရှင် ၁၈ ပါးတို့အတွက် ၆ ပြည်ဝင် ဆန် ၁၈ အိတ်၊ ဆပ်ပြာမှုန့် ၁၈ ထုပ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများနှင့် ဝတ္ထုငွေများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ပဓာနနာယက ဆရာကြီးထံ လှူဒါန်းခဲ့ကြသည်။ ထို့အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်တွေမြို့ပေါ်ရှိ သီလရှင်ကျောင်းတိုက် ၃၈ ကျောင်းရှိ သီလရှင်အပါး ၃၂၀ ပါးတို့အတွက် ဆန်အိတ် ၈၀ ကိုလည်း ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာလ စစ်တွေမြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များ အေးချမ်းသာယာစွာဖြင့် သာသနာ့တာဝန်များကို ထမ်းဆောင်နိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်နှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းပေးလျက်ရာ စစ်တွေမြို့ကျောင်းတိုက် အသီးအသီးရှိ သံဃာတော်များအား ဆန်အိတ် တစ်ထောင်ကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


