ကျုံပျော် ၁၂ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ ၂၃၃ ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ တိုက်နယ်များအလိုက် အုပ်စုခွဲကာ တစ်နေ့အတွင်း အပြီးစစ်ဆေးသွား မည်ဖြစ်ကာ ဒိုက်ပျက်တိုက်နယ်မှ ၇၆ ဦး၊ အင်းရဲတိုက်နယ်မှ ၄၅ ဦး၊ အထောင်တိုက်နယ်မှ ၇၁ ဦး၊ မြို့မတိုက်နယ်မှ ၄၁ ဦး စုစုပေါင်း ၂၃၃ ဦးအား ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အထူးရဲ ၂၃၃ ဦးကို အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရဲကျင့်ဝတ်၊ ဥပဒေနည်းဥပဒေများ၊ အထူးရဲတပ်ဖွဲ့ဝင်များ သိရှိလိုက်နာရမည့် စည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများကို သင်တန်းပို့ချလျက်ရှိကာ သင်တန်းကာလမှာ အောက်တိုဘာ ၂၈ ရက်အထိ ဖြစ်ကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)


