နေပြည်တော် ၁၂ အောက်တိုဘာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ အောက်တိုဘာ ၁၁ ရက်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါသတင်းထုတ်ပြန်ချက်၌ မောင်တောမြို့နယ် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့၏ လိပ်ရကင်းစခန်းနှင့် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးအကြား မြန်မာပိုင်နက်၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် အောက်တိုဘာ ၁၁ ရက် နံနက် ၁ နာရီခွဲခန့်တွင် နယ်စပ်ခြံစည်းရိုးအား တရားမဝင် ဖြတ်သန်းခိုးထွက်ရန် ချဉ်းကပ်လာပြီး အထုပ် ၂ ထုပ်ထမ်းလာသည့် အမျိုးသားတစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိကြောင်း၊ စစ်ဆေးထိန်းချုပ်ရန်တားဆီးရာ အထုပ် ၂ ထုပ်အားပစ်ချပြီး နောက်ကြောင်းပြန် ထွက်ပြေးသဖြင့် အချိန်ကာလနှင့် နယ်မြေဒေသ လုံခြုံရေးအခြေအနေအရ ပစ်ခတ်ဟန့်တားခဲ့ကြောင်း၊ ကျည်ထိမှန်ဒဏ်ရာ ရရှိနိုင်သော်လည်း ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းပစ်ချခဲ့သည့် အထုပ်များအား ဖွင့်ဖောက်စစ်ဆေးရာ ပလပ်စတစ်အိတ်များဖြင့် ထည့်သွင်းထုပ်ပိုးထားသည့် WY/R စာတန်းပါ စိတ်ကြွဆေးပြား ၁၀၅၀၅၀ (တစ်ပြား လျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် တန်ဖိုးငွေကျပ် ၂၁၀၁ သိန်း)၊ MPT ဆင်းကတ်ပါ ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း။
နံနက်လင်းချိန်၌ တရားခံ ထွက်ပြေးရာလမ်းကြောင်းတစ်လျှောက် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ပစ်ခတ်သည့်နေရာနှင့် ကိုက် ၅၀၀ ခန့်အကွာ ခြုံပုတ်အတွင်း၌ အမျိုးသားအလောင်းအား ဦးခေါင်းဝဲဘက်နှင့် ဝဲတင်ပါး ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိရကြောင်း၊ သိမ်းဆည်းရမိ ဖုန်းအတွင်းရှိ ဓာတ်ပုံမှတ်တမ်းများနှင့် ရွာနှင့် လူဦးရေစာရင်းမှတ်တမ်းများ တိုက်ဆိုင်စိစစ်ရာ သေဆုံးတရားခံမှာ ဆွေတာလောင် (၃၁)နှစ်၊ (ဖ)ရှီကန်သော် ယခင် လိပ်ရ(မြောက်)ကျေးရွာမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းသို့ သွားရောက်နေထိုင်နေသူဖြစ်ကြောင်း၊ စာရင်းမှတ်တမ်းများအရ လက်ရှိရွာတွင် နေထိုင်သူ မဟုတ်ကြောင်း စိစစ်တွေ့ရှိရပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ပြန်လည်ခိုးဝင်ကာ မူးယစ်ဆေးဝါးများ လာရောက်သယ်ဆောင်သူဖြစ်ကြောင်း သိရှိရသဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြထားသည်။
သတင်းစဉ်