ရန်ကုန်   ၁၂  အောက်တိုဘာ

ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်း၌ ကျောက်တံတား၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဒဂုံ၊ ပန်ဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ လသာ၊ လမ်းမတော်၊ လှိုင်၊ အလုံ စသည့် မြို့နယ်ပေါင်း (၁၂)မြို့နယ်အတွင်း ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၇၂၅၉၃၅ ဦးရှိပြီး မဲရုံပေါင်း ၅၆၈ ရုံ ဆောင်ရွက်ထားရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင် က "ကျွန်တော်တို့ ခရိုင်အနေနဲ့ ယခင် ၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲရုံပေါင်း (၅၄၉)ရုံရှိတယ်၊ ခုက ကိုဗစ်ထိန်းချုပ်ကာလ လည်းဖြစ်တော့ လူစုလူဝေးမဖြစ်အောင် မဲရုံ ၁၉ ရုံ တိုးချဲ့ဖွင့်လှစ်ထားပါတယ်၊ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစစ်၊ မဲထုတ် တာဝန် ထမ်ဆောင်ကြရမည့်သူ အားလုံးအတွက် ရွေးကောက်ပွဲဗဟိုကော်မတီရဲ့ လမ်းညွှန်မှုနဲ့ ကျန်းမာရေးအရ ကာကွယ်ရေး ဆောင်ရွက်စရာအားလုံး စီမံဆောင်ရွက် ထားပါတယ်"ဟု ပြောသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်တွင်  ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား/မပေါင်း ၇၂၅၉၃၅ ဦးရှိကြောင်း သိရသည်။

မျိုးမင်းသိန်း(မရမ်းကုန်း)