ပုဂံ ၁၃ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့အတွင်း အများပြည်သူသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိသော လျှပ်စစ်ထရန်စဖော်မာများအား အကြီးစားပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်နေကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းထွန်းက ပြောသည်။

 

ညောင်ဦးခရိုင် ပုဂံမြို့အတွင်း အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ် ထရန်စဖော်မာများကို အကြီးစားပြုပြင် ထိန်းသိမ်းခြင်းအဖြစ် ဆွေးမြေ့လေးထောင့်ကွန်ကရစ်တိုင်များကို ကွန်ကရစ်ဓာတ်တိုင်အလုံးများဖြင့် အစားထိုးလဲလှယ်ခြင်း၊ မိန်းကေဘယ်လ်ဝိုင်ယာကြိုး အသေးများကို အကြီးဖြင့် အစားထိုးလဲလှယ်ခြင်း၊ မိန်းခလုတ်အသေးများကို အကြီးဖြင့်လဲလှယ်ခြင်း၊ ဆွေးမြေ့ သစ်သားလက်တန်းများအား သံလက်တန်းများဖြင့် လဲလှယ်ခြင်းနှင့် ကွဲအက်လောင်ကျွမ်းကြွေသီးများ ကို အစားထိုးလဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းထွန်းက ရှင်းပြသည်။

 

အဆိုပါအကြီးစား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း သာမန်ရန်ပုံငွေ စာရင်းခေါင်းစဉ်အောက်မှ ကျခံဆောင်ရွက်ခြင်းဖြစ်ကာ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန် လျော့နည်းကျဆင်းပြီး လျှပ်စစ်ဓာတ်အားကို စံချိန်စံညွှန်းနှင့်အညီ ဗို့အားပြည့်ပြည့်ဝဝဖြင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်ရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ထရန်စဖော်မာ ချို့ယွင်းလောင်ကျွမ်းပျက်စီးခြင်းမှ ကြိုတင်ကာကွယ် နိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် စီမံချက်ချ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)