ရန်ကုန် ၁၃ အောက်တိုဘာ
ဆိုက်ဘာလုံခြုံရေး အသိပညာပေးရန် မြန်မာနိုင်ငံ ဆိုက်ဘာလုံခြုံရေးလ (MCM) ကို အောက်တိုဘာလ တစ်လလုံး အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုများကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ US ICT Council၊ Wave Money၊ Google နှင့် အခြားသော မိတ်ဖက်အဖွဲ့အစည်းများအတူ ပူးပေါင်းကာ နိုင်ငံတကာတွင် ကျင်းပပြုလုပ်လျက် ရှိသည့် ဆိုက်ဘာလုံခြုံရေး လှုပ်ရှားမှုများနှင့် တစ်ချိန်တည်း လုပ်ဆောင်သွားမည်ဖြစ်သည်။
“အခုဆိုရင် အိမ်မှာပဲနေတဲ့ စီမံချက်ကြောင့် ကျွန်တော်တို့တွေဟာ ဒစ်ဂျစ်တယ်နည်းပညာကို အရင်ကထက် ပိုပြီးတော့ အသုံးပြုလာကြပါတယ်။ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး လူထုကို အသိပညာပေးဖို့ဟာ ခုလိုအချိန်အခါမှာ အရမ်းကိုအရေးကြီးလာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မသမာသူတွေဟာ ကပ်ရောဂါကျရောက်နေတဲ့ ဒီလိုကာလအတွင်းမှာ လူတွေရဲ့ ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှုနဲ့ မရေရာမသေချာမှုတွေကို အခွင့်ကောင်းယူပြီး လိမ်ညာလှည့်စား အမြတ်ထုတ်ချင် နေကြတာကြောင့်ပါ။
ဆိုက်ဘာကနေ လိမ်လည်လှည့်ဖြား နေသူတွေဟာ လိမ်လည်ဖို့ ဒါမှမဟုတ် လျှို့ဝှက်နံပါတ်နဲ့ အခြားကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို ခိုးယူဖို့အတွက် အီးမေးလ်ပေးပို့တာမျိုး၊ စာတိုပေးပို့တာမျိုးတွေ လုပ်ဆောင်လေ့ရှိပါတယ်။ သူတို့ဟာ လူတွေကို လိမ်လည်လှည့်ဖြားဖို့၊ နာမည်ဖျက်ဖို့၊ သတင်းအချက်အလက်အမှားတွေ ပေးပို့ဖို့အတွက် လူမှုကွန်ရက်မီဒီယာကိုလည်း အသုံးပြုကြပါတယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရအဖွဲ့အစည်းတွေ၊ မိမိတို့အိမ်ကနေ video conferencing tool တွေ အသုံးပြုပြီး အတတ်ပညာတစ်ခုခု လေ့လာနေကြတဲ့ သို့မဟုတ် အလုပ်တွေလုပ်ကိုင်နေကြတဲ့သူတွေမှာလည်း ဆိုက်ဘာကနေတစ်ဆင့် အန္တရာယ်ကျရောက်နိုင်ခြေတွေ အရင်ကထက် ပိုများလာပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတူတကွ အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့စက်တွေ၊ အင်တာနက်ကွန်ရက် အသုံးပြုမှုတွေကို လုံခြုံစိတ်ချရအောင်သုံးစွဲပြီး ကျွန်တော်တို့ရဲ့ မိသားစုတွေကို ဘေးကင်းလုံခြုံအောင် ထားရပါမယ်” ဟုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက ပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ်အထိတွင် မြန်မာနိုင်ငံ၌ အင်တာနက်သုံးစွဲမှုသည် ရာခိုင်နှုန်း ၄၀ ရှိသည်။ ဧပြီတွင် ကပ်ရောဂါပထမလှိုင်း ကြုံတွေ့စဉ်အတွင်း အင်တာနက်အသုံးပြုမှု ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မြန်မာ့ ဆက်သွယ်ရေးကုမ္ပဏီများက ထုတ်ပြန်ခဲ့ကြသည်။ ဗီဒီယိုကွန်ဖရင့်ပြုလုပ်မှုနှင့် အွန်လိုင်းတွင် အကြောင်းအရာများအား ထုတ်လွှင့်မှု၊ အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားခြင်း၊ မိုဘိုင်းပိုက်ဆံ နှင့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်တို့ကို သုံးစွဲမှုများသည်လည်း သိသိသာသာ မြင့်တက်ခဲ့သည်။
မြန်မာနိုင်ငံ၏ ဦးဆောင်မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်း Wave Money က ၎င်းတို့၏ မိုဘိုင်း ပိုက်ဆံအိတ်အသုံးပြုသူများနှင့် မှတ်ပုံတင်စာရင်းသွင်းမှုများသည် ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်တွင် ဂဏန်း ၃ လုံးစာ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သုံးစွဲသူအရေအတွက်တိုးတက်မှု ၄၀၁ ရာခိုင်နှုန်းနှင့် မှတ်ပုံတင်စာရင်းသွင်းမှုအရေအတွက် ၄၂၆ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ဆိုက်ဘာလုံခြုံရေးလ (MCM)အစီအစဉ်တွင် အပတ်စဉ် ကျင်းပမည့် အွန်လိုင်းဆွေးနွေးပွဲများ၊ အွန်လိုင်းသင်တန်းများနှင့် အသိပညာပေးလှုပ်ရှားမှုများမှတစ်ဆင့် ဆိုင်ဘာလုံခြုံရေးဆိုင်ရာ အသိပညာဗဟုသုတများကို မြန်မာနိုင်ငံများအတွက် မျှဝေပေးသွား မည်ဖြစ်ကာ အွန်လိုင်းလုံခြုံမှုနှင့် ကိုယ်ပိုင်အချက်အလက်များကို ကာကွယ်နိုင်မည့် နည်းလမ်းများ ဆိုင်ရာ အသိပညာပေးမှုများလည်း ပါဝင်မည်ဖြစ်သည်။
ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ဆိုက်ဘာလုံခြုံရေးလ (MCM) ဆောင်ရွက်မည့်အစီစဉ်နှင့် ပတ်သက်လို့ အွန်လိုင်း သတင်းစာရှင်းပွဲကို ယနေ့ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါသတင်းစာရှင်းပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နည်းပညာမှုခင်းဌာန၊ မှုခင်းရဲတပ်ဖွဲ့ ၏ ဌာနမှူးဖြစ်သူ ရဲမှူးကြီးညွန့်ဝေ၊ US ICT Council for Myanmar ၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သူ Gretchen Kunze၊မြန်မာနိုင်ငံ ကွန်ပြူတာအသင်းချုပ်၏ ဒုတိယ ဥက္ကဌဖြစ်သူ ဦးရဲရင့်ဝင်း၊ Wave Money ၏ နည်းပညာအရာရှိချုပ် ဖြစ်သူ ဦးထင်အောင်လှိုင်တို့ တက်ရောက်ခဲ့ကြသည်။
၂၀၁၅ ခုနှစ်တွင် ဆိုက်ဘာရာဇဝတ်မှု အခု ၂၀ ၊ ၂၀၁၆ ခုနှစ်မှာ ဆိုက်ဘာရာဇဝတ်မှု ၂၂၀ ကျော်၊ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်မှာတော့ ၃၂၀ ကျော်နဲ့ ၂၀၁၉ မှာ ၃၇၀ ကျော်ထိ ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဆိုက်ဘာရာဇဝတ်မှုပေါင်း ၅၅၀ ကျော်အထိရှိကြောင်း သိရသည်။
မေသက်ထား


