ဝန်းသို ၁၃ အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး  ကောလင်းခရိုင်  ဝန်းသိုမြို့နယ်  မြို့မစည်ပင်သာယာဈေးတွင် ကိုဗစ်-၁၉ ကာလ အရေးကြီးကုန်စည်များ ဈေးနှုန်းမြင့်တင် ရောင်းချခြင်း ရှိ/မရှိနှင့် သုံးစွဲရန်မသင့်သော တိုင်းရင်းဆေး (ကိုဗစ်နိုင်) ဆေးလျက်ဆား ရောင်းချခြင်းရှိ/မရှိတို့ကို ယမန်နေ့က ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ကသာခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိန်ဌေးနှင့် ကောလင်း၊ ဝန်းသိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ခံများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဝန်းသိုမြို့မစျေး အတွင်း/အပြင်ရှိ ဆေးဆိုင်များ၊ ကုန်စုံဆိုင် များနှင့် အလှကုန်ဆိုင်ခန်းများတွင် ကုန်စည်များဈေးနှုန်းမြင့်တင်ရောင်းချခြင်းနှင့် သုံးစွဲရန်မသင့်သော တိုင်းရင်းဆေး(ကိုဗစ်နိုင်)ဆေးလျက်ဆား ရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်မှိုတက် အစားအသောက် များနှင့် သက်တမ်းကုန်ဆုံးရက်စွဲ၊ ကုန်အမှတ်တံဆိပ်များ မပါရှိသည့်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ 

 

ထို့နောက် စားသုံးသူဘေးကင်း လုံခြုံစေရေးအတွက် ဈေးဆိုင်ပိုင်ရှင်များအား ကျန်းမာရေး အထောက်အကူပြု ဆေးဝါးများနှင့် ကုန်စည်များကို ဈေးနှုန်းမြင့်တင်ရောင်းချခြင်း မပြုကြရန်၊ တားမြစ် ကုန်ပစ္စည်းများနှင့် ကုန်အညွှန်းအမှတ်အသား ထည့်သွင်းထားခြင်း မရှိသည့် ကုန်စည်များကိုလည်း ရောင်းချခြင်း မပြုကြရန် စသည်တို့ကို တာဝန်ရှိသူများက အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မြိုင်(ပြန်/ဆက်)