မယ်စဲ့ ၁၃ အောက်တိုဘာ
ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ မိုးစပါး သီးနှံစံပြကွက်များ၊ စမ်းသပ်ကွက်များနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်စံပြကွက်များကို အကောင်အထည် ဖော် စိုက်ပျိုးလျက်ရှိရာ မိုးစပါး တိုက်ရိုက်အစေ့ချ (Seeder) စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်စံပြကွက်များ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေကို အောက်တိုဘာ ၁၂ ရက်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေလွင်နှင့် ကွင်းဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုက်ရိုက်အစေ့ချ (Seeder) စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးခြင်းဖြင့် တောင်သူများအတွက် ကုန်ကျစရိတ် သက်သာခြင်း၊ လုပ်သားရှားပါးမှု ပြဿနာဖြေရှင်းပေးနိုင်ခြင်း၊ မျိုးစေ့နှုန်းထား သက်သာခြင်းနှင့် အထွက်နှုန်း အသင့်အတင့်ရရှိစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။
မယ်စဲ့မြို့နယ်အတွင်း တိုက်ရိုက်အစေ့ချကိရိယာ (Seeder) စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ဧက ၂၅ ဧကကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နည်းပညာပံ့ပိုးမှုဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးခဲ့ရာ ယခုအခါ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


